စံခလပူရီ(စက်တင်ဘာ-၂၃)။ ။ ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာအာဏာပိုင်များ ထုတ်ပေးလျှက်ရှိသော ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ကာယကံရှင်များအပေါ် ကျေးရွာ၊ ရပ်ကွက်ရယကအချို့က ငွေညှစ်နေကြကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ မင်းလဝီမွန်ချမ်းအဆိုအရ ၄င်းသည်ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန် ထိုင်းနိုင်ငံမှတဆင့်လျှောက်ထားခဲ့ရာ ကျေးရွာအာဏာပိုင်မှတဆင့် ရေးမြို့လဝကတို့က သူ၏မိခင်ထံ ငွေအကြိမ်ကြိမ်လာရောက် တောင်းခံနေသဖြင့် ယာယီနိုင်ငံကူးလက်မှတ်ကို မလုပ်တော့ဟု ဆုံးဖြတ်ထားကြောင်း ကောင်းဝါသတင်းဌာနသို့ ဖုန်းဆက်ပြောကြားခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ နှစ်ကရင်ရွာဥက္ကဌကလည်း ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်နိုင်ငံသားဖြစ်မှုအထောက်အထား တောင်းခံသောရွာသားများထံမှ တစ်ဦးချင်းအလိုက်ခေါ်ယူပြီး ငွေတောင်းခံခဲ့ရာ ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသော အဆိုပါရွာသားများက ယာယီနိုင်ငံကူးလက်မှတ်ကို မလုပ်ရဲကြကြောင်း ဖုန်းဖြင့်ပြောကြားခဲ့သည်။
မြဝတီမြို့မှမြန်မာလဝက အရာရှိတစ်ဦးက ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မိမိနိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် ကျေးရွာ၊ ရပ်ကွက်ထောက်ခံချက်ပါရှိလျှင် အမြန်ဆုံးပြုလုပ်နိုင်မည်ဟု ဆိုပါသည်။ သို့မဟုတ် ပါက နိုင်ငံသားဖြစ်မှုအထောက်အထားရယူရာတွင် အကြိမ်ကြိမ်အခါခါ အတည်ပြုချက် ရယူနေရသဖြင့် အချိန်ကြာမြင့်နိုင်သည်ဟု ဆိုသည်။
လဝကနှင့်ရယကများက ထိုင်းနိုင်ငံသို့တရားမဝင် သွားရောက်အလုပ်လုပ်နေသူများကို တည်ဆဲဥပဒေအရ ဖမ်းဆီးအရေးယူနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုနေကြသည်ဟု ဆိုသည်။
စက်တင်ဘာလ ပထမအပတ်၌မြဝတီမြို့သို့ ယာယီနိုင်ငံကူးလက်မှတ်သွားရောက် ပြုလုပ်သူ ၂၀ ဦးခန့် အင်းစိန်အချုပ်ထောင်သို့ ရောက်ရှိသွားခဲ့ပြီး ယခုအခါနေရပ်ရင်း မွန်ပြည်နယ်မုဒုံမြို့နယ်သို့ ပြန်ရောက်ရှိနေကြောင်း သတင်းများပြန့်နှံ့ခဲ့ရာ ကာယကံရှင်များနှင့် အတည်ပြုချက်မရရှိသေးပေ။
မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအဆိုအရ ယခုကဲ့သို့ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်းသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းကို များစွာအထောက်အကူပြုပါသည်။ အကျင့်ပျက်သော မြန်မာအာဏာပိုင်များကိုသာ ဖေါ်ထုတ်နိုင်ရန် ငွေညှစ်ခံရသူများ၊ မသမာမှုခံခဲ့ရသူများက လက်လှမ်းမီရာသတင်းဌာနသို့ ဆက်သွယ်သတင်းပေးကြရန် အကြံပြုထားသည်။