စံခလပူရီ(စက်တင်ဘာ- ၁)။ ။မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌနိုင်ရော့စ၊ တွဲဘက်အတွင်းရေးမှူးး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်တလညီ စသည့်ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့သည် အရှေ့တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းတို့နှင့် သြဂုတ်လ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ဆက်သွယ်မေးမြန်ချက်အရ သိရသည်။
ထိုသို့တွေ့ဆုံရာ၌ လွန်ခဲ့သည့်သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီဗဟို အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို တိုင်းမှူးထံမျက်နှာချင်းဆိုင် ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။
ထိုတွေ့ဆုံမှုသည်သာမန်တွေ့ဆုံမှုသာဖြစ်၍ ထူးခြားသော အခြေအနေမရှိကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ NMSP ခေါင်းဆောင်များ ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာမှသာ အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်မည်ဟု ဆိုပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ ရတခတိုင်းမှူးအား လွန်ခဲ့သောသြဂုတ်လဆန်းပိုင်းတွင် ကျိုက်မရောမြို့ နယ် မယကမှ ကျေးရွာရယကများထံ အတွင်းရေးမှူးနိုင်ဟံသာနှင့် ပက်သက်သော လှို့ဝှက်ဖြန့်ဝေစာ အကြောင်းကို မေးမြန်းခဲ့ရာ ဤစာများကို မြို့နယ်မယကမှ ကောလဟာလ ရရှိသောသတင်းသာဖြစ်၍ အတည်မပြုကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုပါသည်။
သို့ရာတွင် ယုံကြည်ရသော စစ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏အဆိုအရ နိုင်ဟံသာအား စစ်အစိုးရသတ်မှတ် ထားသော အကြမ်းဖက်အဖွဲ့များတွင်ပါဝင်နေသူဟု စွပ်စွဲဖြန့်ဝေခဲ့သောစာများမှာ စစ်အစိုးရထိပ်ပိုင်းမှ စီစဉ်မှုသာ ဖြစ်ကြောင်း၊ သာမန် မယကအဆင့်နှင့် လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်း၊ လုပ်ပိုင်ခွင့်လည်းမရှိကြောင်း ကောင်းဝါ သတင်းဌာနသို့ ပြောဆိုခဲ့သည်။
လက်ရှိစစ်အစိုးရမှာ ၄င်းတို့ဆန္ဒကို မလိုက်လျောသောအဖွဲ့အစည်းများ၊ သဘော ထားတင်းမာသောခေါင်းဆောင် များကို လုပ်ကြံသတ်ဖြတ်၍သော်၄င်း၊ ဖမ်းဆီးထိန်းသိမ်း၍သော်၄င်း ပြုလုပ်တတ်သော အစဉ်အလာ ရှိခဲ့သည်ဟု အကဲခတ်လေ့လာသူများ ဆိုကြ၏။
ပြီးခဲ့သောသြဂုတ်လ(၈)ရက်နေ့တွင် နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းရေးကို လက်မခံသော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်း၏ နေအိမ်တွင် လက်နက်စက်ရုံတည်ဆောက်ထားသည်ဟု အကြောင်းပြချက်ဖြင့် ဝင်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ဦးဖုန်ကြားရှင်အပါအဝင် ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင၊် ဦးဖုန်တာလီတို့ကို ဖမ်းဝရမ်းထုတ်ကာ စစ်ရေး နည်းလမ်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ယခုအခါ MNDAA ကိုးကန့်တပ်ဖွဲ့အား နှစ်ခြမ်းကွဲစေခဲ့သည်။
ယခုသည်လည်း စစ်အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှု ဆိုသည့်အဖွဲ့တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် အခြားအတိုက်အခံခေါင်းဆောင်များ ပြည်တွင်းဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ ဆော်နေသည်ဟူသော တဖက်သတ်စွပ်စွဲချက်သည် နောင်တဆင့်တက်၍ အရေးယူနိုင်ရန် အစီအစဉ်ရှိရှိ ကြိုတင် စီမံမှုဖြစ်သည်ဟု မွန်နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အား နယ်ခြားတပ်ဖွဲ့အဖြစ်၄င်း၊ ပြည်သူစစ်တပ်ဖွဲ့အဖြစ်၄င်း လက်ရှိအခြေအနေတွင် အပြောင်းအလဲမလုပ်နိုင်ဟု ဆုံးဖြတ်ထားသည်။
ပြီးခဲ့သည့် NMSP အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမ ခံချက်မရှိဘဲ ပါတီနှင့်တပ်ခွဲထားခြင်း၊ဖျက်သိမ်းခြင်းကိုလက်ခံနိူင်မည်မဟုတ်ပါ။ ဖြစ်နိူင်မည်ဆိုလျှင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိူင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။