စံခလပူရီ(သြဂုတ်-၂၈)။ ။ လွန်ခဲ့သည့် အပတ်တွင် ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့မှ ပြန်လည်ထွက်ခွာသွားသော ခလရ ၃၂ တပ်ရင်းမှ တပ်သားသစ်စုဆောင်းရန် အတွက် လူငယ် ၅ ဦးကိုခေါ်ဆောင်သွားခဲ့ သည့်အနက် တစ်ဦးမှာ နယ်စပ်တစ်နေရာ သို့ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ် မြောက်လာခဲ့ရာ ကောင်းဝါသတင်းဌာနနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်မှုပြုလုပ်ခဲ့ သည်။
အဆိုပါပြန်လည်လွတ်မြောက်လာသူမှာ အသက် ၁၅ နှစ်အရွယ် မောင်ကျော်စိုး ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် မိဘများနှင့် အတူ ကျဘမ်းအလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ လွန်ခဲ့သည့်သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ကျော်စိုး အပါ အဝင် လူငယ် ၅ ဦးတို့ကို မြန်မာစစ်သားများက မိဘများမသိစေရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
“ကျနော်ဆော့ကစားရာကနေ စစ်သားတစ်ယောက်က ခဏလာပါလို့ဆိုပြီးလိုက်သွားခဲ့တယ်၊ သူတို့ဆီရောက်တော့ မပေးပြန်တော့ဘူး၊ အခြားကောင်လေးတွေလည်း ခေါ်ထားတယ်၊ ကျနော့်ထက်ငယ်တာ ၂ ယောက်၊ ကြီးတာ ၂ ယောက် အားလုံး ၄ ယောက်လည်း ပါတယ်၊ သူတို့နာမည်ကိုကျနော်မသိဘူး အဲဒီစစ်သားတွေနဲ့အတူ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ တစ်ညအိပ်ပြီးနောက်တစ်နေ့ ဘုရားသုံးဆူကနေပြီး စစ်ကြောင်းထွက်လာတယ်၊ ကျနော် တို့ ၅ ယောက်စလုံးကို နေရာခွဲပြီးပေါ်တာထမ်းခိုင်းတယ် လမ်းတစ်လျှောက်လုံးပဲ” ဟု မောင်ကျော်စိုးက ပြောဆို ခဲ့သည်။
မောင်ကျော်စိုး၏ပြောပြချက်အရ သူဌေးတစ်ယောက်၏ ခြံအလုပ်သွားနေသည်ဟုသာ မိဘများ နားလည်နေကြ သည်။ အစပိုင်းတွင်ပေါ်တာထမ်းရန် တစ်ရက်ခန့် ခေါ်ဆောင်သွားသည်ဟု မိမိထင်မိခဲ့သော်လည်း နောက်ရက်များ တွင် စစ်သားလုပ်ရန်ပြောဆိုလာကြသည်။
“နှစ်ရက်သုံးရက်ကြာလာတော့ စစ်ထဲဝင်ရင်ပိုက်ဆံပေးမယ်၊ စစ်ထဲဝင်မလားလို့ဆရာကြီးတစ်ယောက်ကပြော တော့ ကျနော်ဗမာစစ်သားမလုပ်ဘူး၊ စစ်တပ်ထဲမဝင်နိုင်ဘူးလို့ ငြင်းလိုက်တယ်” ဟု မောင်ကျော်စိုးက ဆက်လက် ဖွင့်ပြပြောဆိုပါသည်။
၄င်းခလရ ၃၂ စစ်ကြောင်းနှင့်လိုက်ပါသွားစဉ် သြဂုတ်လ ၂၃ ရက်နေ့က KNU တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မောင်ကျော်စိုးမှာ လက်နက်ကြီးကျည်ဆံနှစ်စ ညာဖက်လက်မောင်း၌ ထိမှန်ခဲ့သည်။ ထို့နောက်် မဲဇလီရွာအလွန် လေးဖိုးရွာ၌ညအိပ်ရပ်နားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်လူငယ် ၄ ဦးမှာ အဆိုပါခလရ ၃၂ စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါဒဏ်ရာမှာမစိုးရိမ်ရသော်လည်း လမ်းခရီးတွင် ၅ ရက်ခန့်ကြာမြင့်ခဲ့သောကြောင့် အနာကျက်ရန် အနည်းဆုံး ရက်သတ္တနှစ်ပတ်ခန့် ဆက်လက်ကုသရမည်ဟု ဆေးကုသပေးနေ သော မွန်ကျန်းမာရေးဆေးဝန်ထမ်းက ပြောဆို ခဲ့သည်။
မြို့စောင့်တပ်အဖြစ် ဘုရားသုံးဆူမြို ၌ ခလရ ၃၂ တပ်ရင်းအင်အား ၁၂၀ ခန့်တာဝန်ယူစဉ် လေးလကျော် ကာလအတွင်း ဗိုလ်တစ်ဦးအပါ အဝင် အခြားအဆင့်ရဲဘော် ၃၀ ခန့် တပ်မှ ထွက်ပြေးခဲ့ကြသည်ဟု သတင်းများ တွင်ဖေါ်ပြ ခဲ့ပြီးဖြစ်သည်။ ယင်းတပ်ပြေးများ အစားထိုးရရှိ နိုင်ရေး မဖြစ် မနေလုပ်ဆောင်ရန် အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ ခလရ ၃၂ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်အား ပြင်းပြင်းထန်ထန်သတိပေး၊ ညွှန်ကြားထား သည်ဟု သိရသည်။