စံခလပူရီ(သြဂုတ်-၂၅)။ ။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်မြို့မှ ကြာအင်းဆိပ်ကြီးမြို့ရှိ မိခင်တပ်ရင်းသို့ နောက်တန်းပြန်နေသော ခလရ ၃၂ တပ်ရင်းစစ်ကြောင်းမှာ လွန်ခဲ့သောသြဂုတ်လ ၂၃ ရက်နေ့က အနန်းကွင်းရွာ အနီး ဝင်ရော်ချောင်းကို ဖြတ်ကူးစဉ် KNLA ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် နှစ်ဦးသေထပ်မံကျဆုံး၍ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
“ကျနော်တို့က ရှေ့ထွက်မိုင်းတွေက အင်မတန်ထိရောက်မှုရှိပါတယ်၊ လက်နက်လဲ သိပ်မပစ်ခတ်ရတော့ကျည်ကုန် သက်သာတယ်” ဟု KNU တပ်မဟာ ၆ အရာရှိမှ အဆိုပါဖြစ်စဉ်ကိုပြောကြားစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ပါသည်။
ယခုအတောအတွင်း ဖြစ်ပေါ်ခဲ့သော ပြောက်ကျားပစ်ခတ်မှုအားလုံးတွင် KNLA မှကျဆုံးထိခိုက်မှုမရှိခဲ့ကြောင်း ထိုဒေသတဝိုက်လှုပ်ရှားလျှက်ရှိသည့် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂ မှအရာရှိတစ်ဦးပြောကြားချက်ကို ကိုးကား၍ အဆိုပါပြောခွင့်ရအရာရှိက အတည်ပြုပြောကြားခဲ့သည်။
လွန်ခဲ့သောသြဂုတ်လ ၂၃ ရက်နေ့က သက်ကယ်ရွာနှင့် အပလုံရွာ ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ KNLA မှပြောက်ကျား ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ခလရ ၃၂ နှင့် ခမရ ၃၅၆ တို့နားလည်မှုလွဲမှားမှုကြောင့် စစ်အစိုးရတပ်ဖွဲ့ အချင်းချင်း မှားယွင်းပစ်ခတ်ခဲ့ကြကြောင်း KNLA တပ်ရင်း ၁၆၊ ဒုခွဲမှူးက အဆိုပါ ပြောခွင်ရပုဂ္ဂိုလ်အား အတည်ပြုသတင်းပေးပို့ ခဲ့သည်ဟု ဆိုသည်။ ထိုပစ်ခတ်မှုတွင် ခလရ ၃၂ မှတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
ဤလမ်းကြောင်းတွင်ပင် သြဂုတ်လ ၂၀ ရက်နေ့၌ အဆိုပါခလရ ၃၂ စစ်ကြောင်းမှာ တားဒိန်ချောင်းကို ဖြတ်ကူးရာ တွင် ရေမျော၍ တပ်သားတစ်ဦးသေဆုံးသွာခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးလည်း တပ်မှထွက်ပြေးသွားခဲ့သည်။
ဘုရားသုံးဆူ၌ လေးလကြာရောက်ရှိခဲ့သော ခလရ ၃၂ တပ်ရင်းမှာ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိနိုင်သည်။
အဆိုပါစစ်ကြောင်းကို မြင်တွေ့လက်ခံစကားပြောခဲ့ရသော အမည်မဖေါ်လိုသည့် ငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဖွဲ့မှ အရာရှိ တစ်ဦးအဆိုအရ ခလရ ၃၂ စစ်ကြောင်းမှာ ရန်သူအား သတိထားအာရုံစိုက်နေရမည့်အစား မိမိတပ်ဖွဲ့ဝင်များ တပ်မှ ထွက်မပြေးလေရအောင်သာ အချင်းချင်း အထူးသတိပြုနေကြရသည်ဟု ဆိုသည်။
ယခုအခါ အဆိုပါတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်၏ ခလရ ၃၂ စစ်ကြောင်းမှာ ဖားပြရွာမှတဆင့် ခလယ်၊တံခွန်တိုင် ရွာဖက်သို့ ဦးတည်သွားနေပြီဖြစ်ရာ လုံခြုံသောဧရိယာအတွင်းပိုင်းသို့ရောက်ရှိနေပြီဟု ယူဆရကြောင်းဘုရားသုံးဆူ ဒေသ စစ်ရေးစောင့်ကြည့်နေသူများက မှတ်ချက်ချကြသည်။