စံခလပူရီ(သြဂုတ်-၂၅)။ ။ ယခုရက်ပိုင်းများအတွင်း မွန်ပြည်နယ်ရှိ မြို့ဝင်ထွက်ဂိတ်များတွင် မွန်ပြည်သစ်ပါတီ ဝင်များ ခရီးသွားလာမှုအပေါ် ယခင်ကနှင့်မတူပဲ စစ်ဆေးမေးမြန်းမှု ပိုမိုများပြားလာကြောင်း ယမန်နေ့က ဘုရားသုံးဆူနယ်စပ်မြို့သို့ ရောက်ရှိလာသော မွန်ပြည်သစ်ခရိုင်အလုပ်အမှုဆောင်ဝင် တစ်ဦးပြောပြချက်အရ သိရသည်။
“ အရင်ကတော့ မွန်ပြည်သစ်က ပြောလိုက်ရင် ဘာမှမေးမြန်းတာတွေ လုပ်တာမရှိခဲ့ဘူး၊ ဒါပေမဲ့ အခုကျနော်တက် လာတဲ့လမ်းတလျောက် သံဖြူဇရပ်၊ မုဒုံ၊ ကြာအင်းဆိပ်ကြီးမြို့တွေမှာ ခရီးသည်တွေထက် ကျနော့်ကို ပိုပြီးဟိုမေး ဒီရှာတာတွေ လုပ်ပါတယ်၊ အရင်ကနဲ့မတူပါဘူး၊ ဘာကြောင့်လဲဆိုတာ ကျနော်လည်းအတိအကျ ပြောဖို့ခက်သေး တယ်” ဟု အဆိုပါ မွန်ပြည်သစ်ပါတီဝင်က ပြောပါသည်။
ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီဝင်အချို့နှင့် ဆက်သွယ်မေးမြန်ခဲ့ရာတွင် ယခုလပိုင်းအတွင်း၌ ယခင်အခြေအနေနှင့် မတူ ဂိတ်များတွင် စစ်အစိုးရလုံခြုံရေးများ အမေးအမြန်းပိုမိုထူပြောလာကြောင်း ပြောကြားခဲ့ကြသည်။
ယခင်ကာလများ၌ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရာ၌ မွန်ပြည်သစ်အဖွဲ့ဝင်များအား အထူးတလည် စစ်ဆေးမှု များမပြုလုပ်ခဲ့ကြပေ။
မွန်ပြည်သစ်ပါတီသည် နအဖကမ်းလှမ်းနေသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို လုံးဝလက်မခံနိုင် ကြောင်း လွန်ခဲ့သည့်သြဂုတ်လ ၅ ရက်နေ့၌ ကျရောက်ခဲ့သော ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ထုတ်ပြန်ကြေညာပြီး စစ်အစိုးရထံ နောက်ဆုံးအကြိမ်ထပ်မံ အကြောင်းကြားခဲ့သည်။
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာအား မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့အစည်း တွင် ပါဝင်လှုပ်ရှားနေသူတစ်ဦးဟု ရယကများထံ စစ်အစိုးရ၏ ကန့်သန့်အဆင့်ဖြင့် ညွှန်ကြားစာတစ်စောင်တွင် စွပ်စွဲကာ ထည့်သွင်းဖေါ်ပြခဲ့သည်ကို မွန်ပြည်သစ်ပါတီမှ သိရှိထားပြီးဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့ဆိုသည်မှာ ထိုင်းနယ်စပ်တစ်နေရာတွင်ရှိပြီး ၈ လေးလုံးနှစ် ပတ်လည်နေ့ ကာလအတွင်း တစ်ပြည်လုံးလူထုအုံကြွမှုဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်းသို့ ဦးဆောင်လှုပ်ရှားသူ ၆၀ ယောက်ကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ စေလွှတ်ထားခဲ့ကြောင်း ၄င်းစစ်အစိုးရစာတွင် တည့်သွင်းဖေါ်ပြ ထားသည်ဟု မွန်ပြည်သစ်ပါတီမှ ကောင်းဝါသတင်းဌာနသို့ ပြောကြားခဲ့၏။
မွန်ပြည်သစ်ပါတီအနေဖြင့် ဖြစ်နိူင်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိူင်ငံရေးပြဿနာကို ဖြေရှင်းသွားရန်လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်နှင့် သော်လည်း ကောင်း ရပ်တည်တောင်းဆိုသွားမည်ဟု ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။