စံခလပူရီ(သြဂုတ်- ၂၁)။ ။ ဘုရားသုံးဆူနယ်စပ်မြို့သို့ ခမရ ၂၈၃ အစားထိုးဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာ သွားသော ခလရ ၃၂ စစ်ကြောင်းမှာ အနန်းကွင်းဖက်သို့ ဦးတည်သွားရောက်စဉ် ယမန်နေ့က တားဒိန်ချောင်းကို ဖြတ်ကူးရာတွင် ရေမျော၍ တပ်သားတစ်ဦးသေဆုံးသွားကြောင်း တားဒိန်ရွာသား လမ်းပြတစ်ဦး ပြောကြားချက် အရ သိရှိရသည်။
၄င်းရေမျောသွားသော နအဖစစ်သားအလောင်းကို ယမန်နေ့မွန်းလွဲပိုင်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သေနတ်တစ် လက်လည်း ရေမျောရာတွင်ပျောက်ဆုံးခဲ့သည်ကို သိရှိရကြောင်း တားဒိန်စခန်းရှိ မွန်ပြည်သစ်အရာရှိတစ်ဦးက ထပ်မံအတည်ပြုပြောကြားပါသည်။
ထိုနေရာ၌ တပ်ဖွဲ့ဝင်နှစ်ဦး ရေမျောခဲ့ရာတွင် တစ်ဦးကိုသာပြန်လည်ကယ်တင်နိုင်ခဲ့သည်။ မိုးများလည်း အဆက် မပြတ် နေ့စဉ်ရွာသွန်းနေပြီး ချောင်းရေများ အလွန်မြင့်တက်နေသည်ဟု ဆိုသည်။
ခလရ ၃၂ စစ်ကြောင်းမှာ KNU ပြောက်ကျားများ၏ တိုက်ခိုက်လာမှုကိုစိုးရိမ်ပြီး သာမန်သွားနေကျလမ်းကြောင်းကို မသွားဝန့်ပဲ တောတိုး၍သွားနေရကြရသည်ဟု ဆိုပါသည်။ ခရီးလမ်းကြောင်း နယ်မြေမကျွမ်းကျင်သဖြင့် တားဒိန် ချောင်း၏ ရေအတိမ်အနက်ကို မသိရှိကာ ရေစီးကြမ်းသောနေရာတွင် ဖြတ်သန်းမိ၍ ယခုကဲ့သို့ ရေမျောခြင်းဖြစ်ရ သည်ဟု အဆိုပါတားဒိန်ရွာသားက ဆက်လက်ပြောကြားပါသည်။
တားဒိန်ရွာသည် စစ်အစိုးရက မွန်ပြည်သစ်ပါတီအား တရားဝင်တပ်တည်ခွင့်ပြုထားသည့် နေရာဒေသတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ဘုရားသုံးဆူနှင့်အနန်းကွင်း မော်တော်ကားလမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်စခန်းတစ်ခု၊ ကြာအင်းဆိပ်ကြီးသို့သွားရာ ဇမိမြစ်ကြောင်းပေါ်တွင် လှေအကောက်ဂိတ်တစ်ခု ဖွှင့်လှစ်ထားရှိသည်။
ယခုစစ်ကြောင်းလှုပ်ရှားမှုကို KNU တပ်မဟာ ၆ မှအချိန်နှင့် တစ်ပြေးညီသတင်းများရရှိနေပြီး အချက်အချကျသည့် နေရာများတွင် ပြောက်ကြားပစ်ခတ်မှုများ မကြာမီတွင်ဖြစ်ပေါ်လာတော့မည်ဟု ဘုရားသုံးဆူ နယ်စပ်စစ်ရေးအခြေ အနေ လေ့လာသူများက အကဲခတ်စောင့်ကြည့်နေသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညက တားဒိန်အနီးစခန်းချရပ်နားစဉ် တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးသွားပြန်ရာ သက်ဆိုင်ရာတပ်ခွဲမှူးကို ခလရ ၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော် ဆူပူကြိမ်းမောင်းခဲ့ကြောင်း ရွာသားများတွေ့ ရှိရချက်ကို ပြောပြခဲ့သည်။
ဤစစ်ကြောင်းမှာ အင်အားတစ်ရာမျှပင် မကျော်တော့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ ရေတွက်ချက်အရ သိရ သည်။ ဘုရားသုံးဆူ၌ လေးလကြာရောက်ရှိနေစဉ် ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြကြောင်း သတင်းမှတ်တမ်းများတွင် မှတ်သားထားသည်။
ယခုအခါ နအဖတပ်များ၌ တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ရာတွင် ပါဝင်နိုင်သောအများဆုံး တပ်ဖွဲ့ဝင်အရေ အတွက်မှာ ၁၃၀ ဦးထက်မပိုတော့ကြောင်း စစ်ရေးကျွမ်းကျင်သူများ ထောက်ပြပြောဆိုနေကြသည်။
ခလရ ၃၂ သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ တပ်ရင်းအခြေစိုက်လျှက်ရှိပြီး ယခုရှေ့တန်းရောက်စစ် ကြောင်းမှာ ၄င်းတို့၏မိခင်တပ်ရင်းတည်ရှိရာသို့ ပြန်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။
အကယ်၍ နယ်မြေအေးချမ်းမှူရှိခဲ့လျှင် ဤကဲ့သို့မိုးရာသီကာလ၌ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးမြို့သို့ ဇမိမြစ်ကြောင်းအတိုင်း ပဲ့ချိပ်လှေဖြင့်စုန်ဆင်းပါက တစ်နေ့ခရီးသာကြာမြင့်ပါသည်။
သို့ရာတွင် အဆိုပါမြစ်ကြောင်းတစ်လျှောက်ကို KNU တပ်မဟာ ၆ ကထိမ်းချုပ်ထားလျှက်ရှိရာ KNU ရန်သူမှန်သမျှ ဤလမ်းကြောင်းကို အသုံးမပြုကြပေ။
ဇမိမြစ်ကြောင်းလမ်းသည် မိုးရာသီကာလ၌ ပြည်တွင်းမှ ဘုရားသုံးဆူနယ်စပ်လာရန် တစ်ခုတည်းသော ကုန်သည် လမ်းကြောင်းဖြစ်သည်။
ယခု ရှေ့တန်းပြန်ခလရ ၃၂ စစ်ကြောင်းမှာ ခရီးအစပိုင်းမျှသာဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိနိုင်ရန် သံဖြူဇရပ်၊ မုဒုံမြို့ဖက်မှ မော်တော်ကားများဖြင့် ပတ်ကွေ့သွားမှသာ မိခင်တပ်ရင်းဌာနသို့ ရောက်ရှိရှိမည်ဟု သိရသည်။
ယခုအခါ ခလရ ၃၂ ရှေ့တန်းပြန်စစ်ကြောင်းသည် ဂျပန်ခေတ်က သေမင်းတမန်လမ်းဟောင်းအတိုင်း သံဖြူဇရပ် မြို့ဖက်သို့ ဦးတည်နေရာ KNUတပ်မဟာ ၆ ထိမ်းချုပ်ရာနယ်မြေကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရဆဲဖြစ်သည်။ မိုးသည်းထန်နေသည့်ကြားမှ ရေစီးကြမ်းတမ်းသော ချောင်းကြီးချောင်းငယ်များကိုလည်း ဆက်လက်ဖြတ်သန်း နေရဦးမည် ဖြစ်သည်။