KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကို ဖိတ်ခေါ်ကြိုဆိုနေ

KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကို ဖိတ်ခေါ်ကြိုဆိုနေ
DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ ၆ သို့ကူးပြောင်းဝင်ရောက်မည်ဆိုလျှင် DKBA ၌ရရှိခဲ့သော အဆင့်ရာထူးအတိုင်း ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ထိ်ပ်ပိုင်းခေါင်းဆောင်များက မိမိကိုပြောဆို ...

စံခလပူရီ(သြဂုတ်- ၁၇)။    ။ DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ ၆ သို့ကူးပြောင်းဝင်ရောက်မည်ဆိုလျှင် DKBA ၌ရရှိခဲ့သော အဆင့်ရာထူးအတိုင်း ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ထိ်ပ်ပိုင်းခေါင်းဆောင်များက မိမိကိုပြောဆိုခဲ့သည်ဟု တပ်မဟာ ၆ ပြောခွင့်ရအရာရှိတစ်ဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

“DKBA အပေါ်သဘောထားကမှာ ကျနော်တို့တပ်မဟာ ၆ က တပ်မဟာ ရ နဲ့မတူပါဘူး၊ ကျနော်တို့နယ်မြေထဲကို DKBAဝင်လာတာကိုပြဿာနာမဟုတ်ဘူးယူဆလို့ ကျနော်တို့ထိပ်တိုက်မလုပ်ချင်ဘူး၊ ကရင်အချင်းချင်းသတ်ဖြတ် ကြရတာ မလိုလားဘူး၊ သူတို့တပ်ဖွဲ့ဝင်တွေ ကျနော်တို့ဆီဝင်လာမယ်ဆိုယင်လည်း ဟိုမှာရှိခဲ့တဲ့ရာထူးအတိုင်း ပေးမယ်လို့ ကျနော်တို့ ဗျူဟာမှူးဗိုလ်မှူးချုပ်ဂျိုးစွာရော၊ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတင်လှိုင်ပါ ဘုန်းတော်ကြီးတွေ၊ ရွာလူကြီးတွေကတဆင့် သူတို့ဆီပြောထားပါတယ်” ဟု ဆက်လက်ပြောကြားပါသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့မြောက်ဖက်ရှိ မဲ့ကသာဒေသကို လာရောက်မည်ဆိုလျှင်လည်းဒေသခံ ကရင်လူမျိုးများ စစ်ဘေးဒဏ်မခံရလေအောင် တပ်မဟာ ၆ မှပစ်ခတ်မည်မဟုတ်ကြောင်း၊ သို့သော် ဒေသခံများ၏ လုံခြုံးရေးကို တာဝန်ယူနိုင်ရမည်ဖြစ်ကြောင်း ထိုအရာရှိက ၄င်းတို့တပ်မဟာ ၆ ၏သဘောထားကို ရှင်းပြပါသည်။

သို့ရာတွင် နအဖစစ်ကြောင်းများကို အလွတ်မပေးစတမ်း တပ်မဟာ ၆ အနေဖြင့် ပြောက်ကျားနည်းဖြင့် ခုခံသွား မည်ဟု ဆိုပါသည်။

ယခုရက်ပိုင်းအတွင်းမှာပင် စကခ ၁၂ လက်အောက်ခံ နအဖစစ်ကြောင်း ခမရ ၂၈၃ နှင့် ခမရ ၃၅၆ တို့ကို KNU တပ်မဟာ ၆ ပြောက်ကျားများက ရှေ့ထွက်မိုင်းများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာနှင့် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ဘုရားသုံးဆူမြို့သို့ မကြာခင်သီတင်းပတ်က ရောက်ရှိလာသော ဒီကေဘီအေ ၉၀၇ စောနော်တယာနှင့်အင်အား ရ၀ ခန့်တို့မှာ ဘုရားသုံးဆူမြို့ပြင်ပ မဲကသာသွားရာလမ်းရှိ ဒီကေဘီအေမှ စောအေဝမ်း၏ရာဘာခြံ၌ စခန်းချ နေသည်။

ဒီကေဘီအေ ၉၀၁ ၊ တပ်ခွဲ ၂ မှဗိုလ်ကြီးစောအေဝမ်းတပ်ခွဲမှာ ထိုင်းနိုင်ငံဖက်သို့ထွက်ပြေးသူ၊ KNU ထံသို့ဝင် ရောက်သူ အများအပြားရှိခဲ့သဖြင့် ယခုအခါအင်အား ၁၄ ဦးသာကျန်ရှိတော့သည်ဟု နီးစပ်သူတစ်ဦးက ပြောပြ ခဲ့သည်။

လွန်ခဲ့သောဇူလိုင်လ ပထမပတ်၌ ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ ဇမိမြစ်အတွင်းဖွင့်လှစ် ထားရှိသောလှေဂိတ်တစ်ခု ကို KNU တို့ဝင်ရောက်လာစဉ် ဗိုလ်ကြီးစောအေဝမ်းမှာ လက်နက်များ အပ်နှံလိုက်ရသော်လည်း KNU ထဲဝင်ရောက် လိုခြင်းမရှိသောကြောင့် ပြန်လွှတ်ပေးခဲ့သည်။

ထို့အတူ KPF အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောလေးဝါး(ခ) မန်းလေးဝါးသည်လည်း ထိုစဉ်လာလက KNU တပ်မဟာ ၆ မှဖမ်းဆီးမိခဲ့ပြီး KNUထံတာဝန်မထမ်းဆောင်နိုင်သဖြင့် သေနတ်များကိုသာသိမ်းဆည်းခဲ့ပြီး ၄င်းကို ပြန်လွှတ်ပေးခဲ့သည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

KNU တပ်မဟာ ၆ ၏သဘောထားမှာ DKBA သည် KNU မှခွဲထွက်ခဲ့သောရဲဘော်ဟောင်းများသာဖြစ်သောကြောင့် မည်သည့်အချိန်ကာလမျိုးတွင်မဆို မိမိတို့ထံပြန်လည်ဝင်ရောက်လာလျှင် မည်သို့မျှပြဿနာ မရှိနိုင်ကြောင်း အဆိုပါ KNU အရာရှိက ထောက်ပြပြောဆိုခဲ့သည်။