စံခလပူရီ(သြဂုတ်-၁၄)။ ။ သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းတလျှောက် လှုပ်ရှား လျက်ရှိသော နအဖ၏ ခမရ ၃၅၆ မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇေယျာဝင်း ဦးစီးစစ်ကြောင်းအား လွန်ခဲ့သောသြဂုတ်လ ၁၁ ရက်နေ့၌ ဇီးနှစ်ပင် ရွာအနီး KNU ပြောက်ကျားများ တိုက်ခိုက်မှု ကြောင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရှိသွား ကြောင်း KNU အရာရှိတစ်ဦးက ပြောကြားပါ ခဲ့သည်။
“ဒီစစ်ကြောင်းက သံဖြူဇရပ်ဖက်ကိုအပြန်မှာ တိုက်ခိုက်ခံလိုက်ရတာပဲ၊ ဒီတပ်အစား ခမရ ၂၈၃ ဝင်လာတယ်၊ တပ်ရင်းမှူးနာမည်ကို မသိရသေးဘူး”ဟု အဆိုပါ KNU အရာရှိက ပြောကြားခဲ့သည်။
တပ်အစားထိုး ဝင်ရောက်လာသော ခမရ ၂၈၃ စစ်ကြောင်းသည်လည်း သြဂုတ်လ ၁၀ ရက်နေ့၌ အနန်းကွင်းနှင့် သံဖြူဇရပ်ကြား လွတ်ရှမ်းရွာတွင် ရှေ့ပြေးကင်းနှစ်ဦး တိုက်ခိုက်ခံရကာ သေဆုံးခဲ့သည်ဟု ဆိုပါသည်။
နအဖစစ်ကြောင်းတို့သည် မိုးတွင်း၌ရိက္ခာဆန်ပြဿနာဖြစ်ပေါ်နေပြီး ရောက်ရှိခဲ့သော ကရင်ရွာတိုင်းအား တစ်အိမ် လျှင်ဆန်တစ်ပုံး သို့မဟုတ် ငွေတစ်သောင်းကို ရွာလူကြီးတို့မှတဆင့် အတင်းကောက်ခံစေကြောင်း ဘုရားသုံးဆူ နယ်စပ်သို့ ရောက်ရှိလာသော ကရင်ရွာသားများက ပြောပါသည်။
အလားတူ ဘုရားသုံးဆူကို ရောက်ရှိနေသော DKBA အမှတ် ၉၀၇ စောနော်တယာ၏ တပ်ဖွဲ့အင်အား ရ၀ ခန့်နှင့် ပေါ်တာ ၃၀ ခန့်တိုမှာ သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရာရွာများ၌ တစ်အိမ်ဆန် တစ်ပုံး သို့မဟုတ် ငွေတစ်သောင်းကျပ် တောင်းခံသကဲ့သို့ စစ်အစိုးရစစ်ကြောင်းတို့သည်လည်း ဆန်ရိက္ခာများကို အတင်းအကြပ်ကောက် ခံနေသည်ဟု သိရသည်။
မွန်ပြည်သစ်မှဂိတ်မှူးတစ်ဦးက “ KNU ကို အခုလိုကာလမျိုးက ဒီဂွင်မှာထိုးစစ်ဆင်ဖို့မလွယ်ပါဘူး၊ ရိက္ခာက အဓိက ပြဿနာဖြစ်နေတယ်၊ ဒီဒေသမှာလည်းနဂိုလ်ကမှ ဆန်ကစားမလောက်တာ၊ သွားရေးလာရေးကလည်း ရေအရမ်း ကြီးတော့ အတော့ကိုခက်ခဲပါလိမ့်မယ်၊ KNUကနေရာအနှံ့ ဖြန့်ထားတော့ ချောင်းပစ်ခံရဖို့ပဲများပါတယ်” ဟု လက်ရှိ စစ်ရေးအခြေအနေကို သုံးသပ်ပြောဆိုခဲ့ပါသည်။
KNU တပ်မဟာ ၆ ဒေသကို ဤမိုးရာသီကာလ၌ စစ်ဆင်ရေးပြုလုပ်ရန် ရတခတိုင်းမှူးက DKBA ကလို့ထူးဘော ဗျူဟာ တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေးအား အမိန့်ပေးခဲ့ပြီး စစ်အစိုးရ၏ စကခ ၁၂၊ တပ်မ ၂၂ တို့က နောက်ပိုင်းမှရံထားပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါစစ်ကြောင်းများ လှုပ်ရှားမှုများ ထူးခြားမှု မရှိသေးဟု မွန်ပြည်သစ်ပါတီမှ စစ်ရေးအခြေအနေစောင့်ကြည့်နေသူများက သုံးသပ်ပြော ဆိုနေကြသည်။