ရန်ကုန်မြို့တွင် စားသုံးဆီများ ဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှ လှိမ့်ဝင်နေဆဲ

ရန်ကုန်မြို့တွင် စားသုံးဆီများ ဖမ်းဆီးနေလည်း ထိုင်းနယ်စပ်မှ လှိမ့်ဝင်နေဆဲ
ရန်ကုန်မြို့၌ ထိုင်းနိုင်ငံထုတ်စားသုံးဆီများကို စစ်အစိုးရအာဏာပိုင်များ ယခုရက် ပိုင်းတွင် ဖမ်းယူသိမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ထိုင်းမြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှ  တင်ပို့နေဆဲဖြစ် ကြောင်း ကုန်သည်များနှင့် ဆက်သွယ်မေးမြန်း ...

ချင်းမိုင်(သြဂုတ်-၁၁)။     ။ ရန်ကုန်မြို့၌ ထိုင်းနိုင်ငံထုတ်စားသုံးဆီများကို စစ်အစိုးရအာဏာပိုင်များ ယခုရက် ပိုင်းတွင် ဖမ်းယူသိမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ထိုင်းမြန်မာနယ်စပ် မြဝတီလမ်းကြောင်းမှ  တင်ပို့နေဆဲဖြစ် ကြောင်း ကုန်သည်များနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မြဝတီမြို့မှကုန်သည်တစ်ဦးက “ဆီတွေကို အခုအာဏာပိုင်တွေ ပိတ်ပေမဲ့ ဒီကေဘီအေနဲ့ ဗမာစစ်တပ်တို့ကို နားလည်မှုယူရပါတယ်၊ ၁၂ ဘီးကားတွေ ၁ဝ ဘီးကားကြီးတွေ တင်တဲ့အခါကျတော့ အောက်ပိုင်းမှာက ဆီပုံး တွေထည့်တယ်။ အပေါ်ကုန်ကျတော့ ပါမစ်ရတဲ့ပစ္စည်းတွေပေါ့။ ပါမစ်ကုန်ရင်တော့ နကသညွှန်မှူးဆီ သွားပြန် တင်ရတယ်၊ ညွှန်မှူးခွင့်ပြုချက်ရပြီးဆိုယင်တော့  ဘယ်ဂိတ်မှ မစစ်ကြတော့ဘူး။ ဒီဂိတ်ကိုဘယ်လောက် ဟိုဂိတ်ကိုဘယ်လောက် ပေးရတာရှိတယ်။ ကားကြီးတွေကျတော့ ရန်ကုန်၊ မန္တလေးဘက်ကိုပို့တာများတယ်။ မော်လမြိုင်ကိုတော့ ဝင်တာနည်းတယ်” ဆိုပါသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာခဲ့သော စားသုံးဆီများ၌ သတ်မှတ်ချက်စံနှုန်းနှင့် ကိုက်ညီမှုမရှိသော ပြည့်ဝဆီများ ဖြစ်နေသည့်အတွက် အများပြည်သူစားသုံးရန် မသင့်တော်ဟု ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း
က ပြောကြားခဲ့ပြီးနောက် သြဂုတ်လပထမအပတ်၌ ရန်ကုန်မြို့ရှိ အချို့သောစျေး၊ ပွဲရုံများတွင် ဝင်ရောက်ရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

စားသုံးဆီသိမ်းဆည်းခံလိုက်ရသည့် ရန်ကုန်မှပွဲရုံလုပ်ငန်းရှင်တစ်ဦးက “မနေ့ကကျွန်တော်တို့ပွဲရုံကို ဆီပုံးတွေဝင် သိမ်းတယ်ခင်ဗျ။  ပါတဲ့လူကျတော့ ကျန်းမာရေးဌာနရယ်၊ ရဲရယ် ၊ရယကပါတယ်။ စျေးထဲမှာရော ပွဲရုံတွေမှာရော ဖမ်းတယ်ခင်ဗျ။ ကျွန်တော်တို့လို အလယ်အလတ်ကုန်သည်တွေနဲ့ အငယ်တန်းကုန်သည်တွေကျတော့ တအားကြီး နစ်နာတာပေါ့။ တချို့ပွဲရုံံကြီးတွေမှာကျတော့ ဖမ်းဆီးတာတို့ ထိမ်းသိမ်းတာတို့ မရှိဘူးခင်ဗျ။ ဘယ်လိုဖြစ်နေ သလဲတော့ မသိဘူးဗျ” ဟု ဖုန်းဖြင့်ပြောပြခဲ့သည်။

အထူးသဖြင့် ဆာကူရာတံဆိပ်၊ Golden Oil တံဆိပ်၊ တံငါသည်တံဆိပ်၊ ပုဇွန်တကောင်၊ ပုဇွန်နှစ်ကောင်တံဆိပ်၊ ငါးကြော်တံဆိပ် အစရှိသော စားသုံးဆီ ၁၁ မျိုးကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ စားသုံးဆီတွေမှာ အကြိမ်ကြိမ်သုံးပြီးသားဆီကို ဓါတုဗေဒနည်းဖြင့် ကြည်လင်အောင် ပြန်လည်ပြုလုပ် ထားသော ဆီများဖြစ်နေသည့်အတွက် အများပြည်သူစားသုံးရန် မသင့်တော်ကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက ပြောကြားခဲ့သည်ဟု ပြည်တွင်းထုတ်ဂျာနယ် များတွင် ဖေါ်ပြကြပါသည်။

သို့ရာတွင် မြန်မာအာဏာပိုင်များ ယခုတားမြစ်ထားသည့် စားသုံးဆီများကို ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲ ရေးအဖွဲ့ (အောရော)၏ တရားဝင်အတည်ပြုချက်ဖြင့် အများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံကာ စျေးကွက်များ၌ ရောင်းချခွင့်ပြုထားသော စားသုံးဆီများဟု ဆိုသည်။

မြန်မာပြည်တွင် စားသုံးဆီထုတ်လုပ်မှု မလုံလောက်သောကြောင့် စားသုံးဆီများကို ထိုင်း၊ မလေးရှားနိုင်ငံတို့မှ ဝယ်ယူတင်သွင်းနေရပါသည်။ အဆိုပါတင်သွင်းမှုကို စစ်အစိုးရတပ်၏ ဦးပိုင်လီမိတက်ကသာ တရားဝင်တင်သွင်း ခွင့်ရှိပြီး မလေးရှားနိုင်ငံမှအဆင့်နိမ့်သည့် စားသုံးဆီကိုသာ တင်သွင်းနေသည်ဟု သိရသည်။ အဆိုပါစားသုံးဆီ များသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ရန်ကုန်မှ အသည်းရောဂါအထူးကုဆရာဝန်များက ထောက်ပြခဲ့ သည်ကို စာစောင်များတွင် ဖတ်ရှုခဲ့ရသည်။

အဆိုပါ ပြည်သူအများကို ဘေးသင့်စေနိုင်ပြီး ကျန်းမာရေးနှင့် မညီညွတ်သော ကုန်ပစ္စည်း၊ အစားအစာများကို သိုလှောင်၊ရောင်းချ၊ တင်ပို့သူအား ထောင်ဒါဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒါဏ်သုံးသောင်းဖြစ်စေ၊ နှစ်ရပ်စလုံးကို လည်း ချမှတ်နိုင်သည်။