နိူင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း မွန်ပြည်သစ်က တောင်းဆို

နိူင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်း မွန်ပြည်သစ်က တောင်းဆို
မွန်ပြည်သစ်ပါတီတပ်များကို စစ်အစိုးရက နယ်ခြားတပ်ဖွဲ့ သို့မဟုတ်လျှင် ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အသွင်  မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထားရှိသွားရန် စစ်အစိုး၏တောင်းဆိုထား ချက်ကို လက်မခံကြောင်း ...

စံခလပူရီ(သြဂုတ်-၆)။    ။ မွန်ပြည်သစ်ပါတီတပ်များကို စစ်အစိုးရက နယ်ခြားတပ်ဖွဲ့ သို့မဟုတ်လျှင် ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အသွင်  မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထားရှိသွားရန် စစ်အစိုး၏တောင်းဆိုထား ချက်ကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ခွန်ထွန်းဦးတို့ အပါအဝင် နိူင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်ကြောင်း သြဂုတ်လ ၅ ရက်နေ့၌ကျရောက်သည့် ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီး စစ်အစိုးရထံတရားဝင် ပေးပို့လိုက်သည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနမှ ပြောခွှင့်ရပုဂ္ဂိုလ် နိုင်ဟံသာဗွန်းခိုင်နှင့် မေးမြန်းချက်အရသိရသည်။

“မနေ့ကကျရောက်ခဲ့တဲ့ ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာပဲ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာန တာဝန်ခံ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်တလညီက  အရှေ့တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းထံ သွားရောက်တွေ့ဆုံပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များရဲ့ ဆုံးဖြတ်ချက်ကို
သွားရောက် ပေးပို့ခဲ့တယ်”ဟု  သူကပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို အခြားလူမျိုးစုများကဲ့သို့ပင် နိူင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်
ဖြေရှင်းနိုင်ရန် အပစ်အခတ်ရပ်စဲခဲ့ရသည်ဟု ဆိုပါသည်။

မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်မရှိအခြေအနေတွင် ပါတီနှင့် တပ်ကို ခွဲခြားထားခြင်း၊ ဖျက်သိမ်းခြင်းစသည်တို့ကို လက်ခံနိူင်မည် မဟုတ်ဘူးကြောင်း ဗဟိုကော်မတီဝင်များက လွန်ခဲ့သည့် သြဂုတ်လ ၁ ရက်နေ့၌ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အခြားအပစ်ရပ်အဖွဲ့ကဲ့သို့ပင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့ (သို့မဟုတ်) ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့အသွင် စစ်အစိုးရရဲ့ လက်အောက်တွင် ဆက်လက်ထားရှိသွားရန် လွန်ခဲ့သည့် ဇွန်လ ရ ရက်နေ့၌ အရှေ့တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်အား ခေါ်ယူ တွေ့ဆုံခဲ့စဉ် နောက်ဆုံး အကြိမ်ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

ယမန်နေ့က ကျရောက်ခဲ့သော ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းရွာ၊ အောက်ခြေခရိုင် ၃ ခုတို့တွင် အခန်းအနားများ မိုးရွာနေသည့်ကြားတွင် ကျင်းပခဲ့သည်ဟု သိရသည်။

မွန်တော်လှန်ရေးနေ့သည် ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖဆပလအစိုးရကို မွန်လူငယ်များ လက်နက်ကိုင်စတင်တော်လှန်သောနေ့ကို သတ်မှတ်ခဲ့ကြသည်။

Most read this week