စစ်အစိုးရ၏ နောက်ဆုံး တင်ပြချက်ကို မွန်ပြည်သစ် ဗဟိုကော်မတီဝင်များ လုံးဝ လက်မခံဟု ဆုံးဖြတ်

စစ်အစိုးရ၏ နောက်ဆုံး တင်ပြချက်ကို မွန်ပြည်သစ် ဗဟိုကော်မတီဝင်များ လုံးဝ လက်မခံဟု ဆုံးဖြတ်
သြဂုတ်လ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှ စစ်အစိုးရ၏ထပ်မံ ကမ်းလှမ်းချက်သစ်များကို လက်မခံကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်ဆောင် ကော်မတီဝင် တစ်ဦးကပြောကြားခဲ့ ...

          
စံခလပူရီ(သြဂုတ်-၃)။    ။ သြဂုတ်လ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှ စစ်အစိုးရ၏ထပ်မံ ကမ်းလှမ်းချက်သစ်များကို လက်မခံကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်ဆောင် ကော်မတီဝင် တစ်ဦးကပြောကြားခဲ့သည်။
 
“နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ဖြစ်၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ဖြစ်ပြောင်းလဲဖို့ဟာ လက်ရှိအနေအထားမှာ မလုပ်သင့် ဘူးလို့ ပါတီဝင်တစ်ရပ်လုံးနဲ့ မွန်လူထုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေအပေါ် အခြေအနေအားလုံးကို သုံးသပ်ပြီး အခုလိုဆုံးဖြတ်လိုက်တာပါ” ဟု ၄င်းကဆိုသည်။
 
စစ်အစိုးရကျင်းပမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာမည့်အစိုးရသစ်နှင့်သာ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့များနေရာချထားမှုကို ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။
 
အဆိုပါဆုံးဖြတ်ချက်ကို မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ မော်လမြိုင်မြို့သို့သွားရောက်လျှက် ရှိရာ လာမည့်သြဂုတ်လ ၅ ရက်နေ့ခန့်တွင် ရတခတိုင်းမှူးထံ တရားဝင်ပေးအပ်နိုင်မည်ဟု သိရသည်။
 
မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်အနေဖြင့် ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားဝင်မထုတ်ပြန်သေးသော်လည်း လာမည့်သြဂုတ်လ ၅ ရက်နေ့တွင်ကျရောက်မည့် ၆၂ ကြိမ်မြောက်၊ မွန်အမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန် ကြေညာချက်၌ မွန်ပြည်သစ်ပါတီ၏သဘောထားကို ဖေါ်ပြပါရှိမည်ဟု သိရသည်။
 
အဆိုပါအရေးပေါ်အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့မှ ရေးမြို့နယ်ချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်၏။
 
လွန်ခဲ့သည့် ဇွန်လ ရ ရက်နေ့တွင် နေပြည်တော်၏ကိုယ်စား ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ် ထိပ်တန်းခေါင်းဆောင်များနှင့် မော်လမြိုင်မြို့၌ တွေ့ဆုံခဲ့ပြီး မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား ဗမာ့တပ်မတော်မှ ၁၀%ပါဝင်မည့် နယ်ခြားတပ်ဖွဲ့အသွင်မပြောင်းလဲနိုင်ပါက ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပြောင်းလဲပေးရန် စစ်အစိုးရ၏ နောက်ဆုံးကမ်းလှမ်းချက်အသစ်ကို အဆိုပြုတင်ပြခဲ့ခြင်းဖြစ်၏။
 
“နှစ်ဖက်အပစ်ရပ်ဆွေးနွေးစဉ်မှာ နဝတတို့က စစ်အစိုးရဖြစ်လို့ သူတို့ဟာ တရားဝင်အစိုးရမဟုတ်ဘူး၊ အနာဂတ်မှာ မွန်ပြည်သစ်တပ် နေရာချထားမှုကို နောင်တက်လာမဲ့ တရားဝင်အစိုးရနဲ့ပဲ ဆက်ဆွေးနွေး၊ လောလောဆယ် အပစ် အခတ်ရပ်စဲဖို့သာ အဓိကလို့ ဆိုခဲ့တယ်”ဟု အပစ်အခတ်ရပ်စဲရေးဆွေးနွေးစဉ်ကာလ မွန်ပြည်သစ်ကိုယ်စားလှယ် အဖြစ်ပါဝင်ခဲ့သူတစ်ဦးက နဝတကိုယ်စားလှယ်တို့၏ ပြောဆိုဆွေးနွေးခဲ့မှု အချက်အလက်အချို့ကို ပြန်လည် ထောက်ပြ ပြောဆိုခဲ့သည်။
 
၁၉၉၄ ခု၊ ဇန်နဝါရီလမှ ၁၉၉၅ ခုနှစ် မေလအထိ ယခင်နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ကိုယ်စားလှယ်များ မော်လမြိုင်မြို့၊ ရတခ၌ လေးကြိမ်တိုင်တိုင်ဆွေးနွေးခဲ့ရာ၌ စစ်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် အဓိကပါဝင်ခဲ့ သူများမှာ ယခုအခါ ရာထူးမှုဖြုတ်ခံရသူ၊ ထောင်ဒဏ်ကျခံနေရသူများ ဖြစ်နေကြရသည်။
 
အဆိုပါဆွေးနွေးစဉ်ကာလတွင် နဝတကိုယ်စားလှယ်များအဖြစ် ထိုစဉ်က ရတခတိုင်းမှူး ဗိုလ်ချုပ်ကက်စိန်၊ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ဗိုလ်မှူးကြီးကျော်သိန်း၊ ဗိုလ်မှူးစန်းပွင့်တို့ဖြစ်ကြသည်။
 
ထိုဆွေးနွေးပွဲများ၌ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ထောမွန် (ယခုမွန်ပြည်သစ် ဥက္ကဌ)က သုံးကြိမ်၊ နောက်ဆုံးစတုတ္ထအကြိမ်တွင် အတွင်းရေးမှူးနိုင်ရဿ(ယခု မွန်ပြည်သစ် ဒုဥက္ကဌ) တို့ ဦးဆောင်ခဲ့သည်။
 
စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်ရပ်သဘောတူညီမှု ၁၅ ချက်တွင် တပ်ဖွဲ့များ အသွင်ပြောင်းလဲရေးကိစ္စ လုံးဝ မပါရှိခဲ့ပေ။
 
မွန်ပြည်သစ်ပါတီဝင်တစ်ဦးက “ပြည်သူ့စစ်လုပ်ချင်ရင် ဘာလို့တော်လှန်ရေးလာလုပ်မလဲ၊ ကိုယ့်ရွာမှာ ပြည်သူ့စစ် အချိန်မရွေး လုပ်လို့ရနေတာပဲ၊ တိုင်းမှူးက မွန်အမျိုးသားတို့ရဲ့ တော်လှန်ရေးကို တမင်ပျက်ရယ်ပြုလိုက်တာပါပဲ” ဟု သုံးသပ်ပြောဆိုသည်။
 
“စစ်အစိုးရပြောဆို ကတိပေးခဲ့တာတွေဟာ နောက်ပိုင်းမှာ အဖျားရှူးသွားတာချည်းပါပဲ၊ အပစ်အခတ်စတင်ရပ်စဲ စဉ်က မွန်ပြည်သစ်ပါတီရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်က လစဉ်ထောက်ပံ့သွားမယ်လို့ဆိုပြီး ပထမနှစ်တွေမှာ ငွေ ၃၅ သိန်း၊ ၅၀ သိန်းတို့ပေးခဲ့တယ်၊ ဒီငွေဟာလည်း ထောင်ဂဏန်းလောက်ရှိတဲ့ပါတီဝင်တွေအဖို့ ပြောပလောက် စရာတော့ မဟုတ်ပါဘူး၊ မကြာပါဘူး နောက်ပိုင်းမှာ ဒီငွေလစဉ်ထောက်ပံ့ပေးနေတဲ့ကိစ္စ တိတ်သွားတော့တာပဲ၊ ဒီဆယ်နှစ်ဝန်းကျင်ကာလမှာ စစ်အစိုးရဆီက ပါတီစီးပွားရေးအတွက် လုပ်ပိုင်ခွင့်တွေ တစ်ခုမှမပေးတော့ပါဘူး၊  ဒါကြောင့်ပဲထင်တယ် မွန်ပြည်သစ်က စစ်အစိုးရအပေါ် အမှီအခို အနှောင်အဖွဲ့တွေမရှိတော့ အားနာစရာမလိုပဲ ပြတ်ပြတ်သားသား အမှန်အကန်ဆုံး၊ အဖြစ်နိုင်ဆုံး၊ အဖြစ်သင့်ဆုံးနဲ့ ဆုံးဖြတ်ပေးလိုက်တာပါပဲ၊ ဒါပေမဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တစ်ချို့တစ်လေကိုတော့ ဖဲ့ထုတ်စည်းရုံးတဲ့သဘောနဲ့ စီးပွားရေးမက်လုံးတွေ မသိမသာ လုပ်ပေးနေတာကို တွေ့နေရပါတယ်”ဟု မွန်အရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
 
အဆိုပါစစ်အစိုးရ၏ နယ်ခြားတပ်ဖွဲ့အသွင်မပြောင်းလဲပါက ဌာနေပြည်သူ့စစ်အဖြစ် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို ပြောင်းလဲဖွဲ့စည်းသွားရန်ကိစ္စရပ်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များ လွန်ခဲ့ သည့်ဇူလိုင်လအတွင်း၌ အောက်ခြေအဆင့် ပါတီဝင်ရဲဘော်များ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်သံဃာတော်များ၊ ပြည်တွင်းပြည်ပရှိ မွန်ပညာရှင်များထံ ပွင့်လင်းစွာအကြံပြုတောင်းဆိုချက်များပြုလုပ်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များ အရေးပေါ်အစည်းအဝေးကျင်းပ၍ ယခုကဲ့သို့ သုံးသပ်ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။