DKBA နှင့်နအဖ ပူးပေါင်းတပ်များ KNUတပ်မဟာ ၆ ဧရိယာသို့ ဝင်ရောက်လာပြီ

DKBA နှင့်နအဖ ပူးပေါင်းတပ်များ KNUတပ်မဟာ ၆ ဧရိယာသို့ ဝင်ရောက်လာပြီ
DKBA - တပ်မဟာ ၅ မှူး၊ ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေး ဦးစီးအင်အား ရ၀ ခန့်တို့သည် သံဖြူဇရပ်၊ အနန်းကွင်း၊ တံခွန်တိုင် လမ်းသုံးခွဆုံရာ ဖားပြရွာသို့ ယနေ့နံနက်ပိုင်း၌ ဝင်ရောက်စခန်းချလျှက်ရာ အနီးတဝိုက်ရှိ ကရင်ရွာသားများကိုခေါ်ယူ ...

 
စံခလပူရီ(ဇူလိုင်-၃၀)။    ။ DKBA - တပ်မဟာ ၅ မှူး၊ ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေး ဦးစီးအင်အား ရ၀ ခန့်တို့သည် သံဖြူဇရပ်၊ အနန်းကွင်း၊ တံခွန်တိုင် လမ်းသုံးခွဆုံရာ ဖားပြရွာသို့ ယနေ့နံနက်ပိုင်း၌ ဝင်ရောက်စခန်းချလျှက်ရာ အနီးတဝိုက်ရှိ ကရင်ရွာသားများကိုခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း KNU အရာရှိတစ်ဦးက ဖုန်းဖြင့်ပြောကြားခဲ့သည်။
 
သို့ရာတွင် ကရင်ရွာသားယောက်ျားများ အတွေ့မခံကြပဲ တောနက်ထဲသို့ သွားရောက်ပုံးခိုနေကြရပြီး သက်ကြီးရွယ်အိုများနှင့် မိန်းမသားများသာ ယင်းအစည်းအဝေးကို တက်ရောက်ခဲ့ဟု ဆိုသည်။
 
နယ်စပ်စစ်သတင်းလေ့လာသူများမှ လက်ခံရရှိခဲ့သော သတင်းတစ်ရပ်မှာ KNU တပ်မဟာ ၆ နယ်မြေအား စစ်ဆင်ရေးပြုလုပ်ရန် မကြာခင်ရက်ပိုင်း၌ ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက လက်အောက်ခံတပ်ဖွဲ့များထံ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အနန်းကွင်းရွာ၌ ရတခ ဗျူဟာ ၂ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်မောင်၊ ဘုရားသုံးဆူနှင့် အနန်းကွင်းကြားတွင်စကခ ၁၂၊ နည်းဗျူဟာ ၁ မှဗိုလ်မှူးကြီးမောင်ရှိန် တပ်ဖွဲ့များ အခြေပြုနေသည်။
 
ဒီကေဘီအေ အထူးတပ်ရင်း ၉၀၄ ကပိုင်ခလယ်မှ ထီးတပေါင် ထိုင်နယ်စပ်လမ်းကြောင်း၊ အမှတ် ၉၀၁-
တပ်ရင်းက ကြာအင်းဆိပ်ကြီးမှ ကျွန်းချောင်းလမ်းကြောင်း၊ အမှတ် ၉၀၆-တပ်ရင်းက ဇမိမြစ်အနောက်ဖက် ခြမ်းလမ်းကြောင်းများ သတ်မှတ်ထားကြောင်းKNU ဖက်မှ ကြိုတင်သတင်းရရှိထားသည်ဟု ဆိုသည်။
 
သို့ရာတွင် KNU တပ်မဟာ ၆ အရာရှိတစ်ဦးက “ကျနော်အရာရှိတစ်ယောက်ဖြစ်ပေမဲ့ တပ်မဟာ ၆ ဌာနချုပ် ဘယ်မှာရှိတယ်ဆိုတာ ကျနော်လည်းမသိဘူး”ဟုပြောခဲ့ဘူးသည်။ KNU တပ်မဟာ ၆ သည် စခန်း အသေထိုင်ထားခြင်းမရှိပဲ ကျယ်ပြန့်သော နယ်မြေတွင် လှုပ်ရှားသွားလာရင်း ပြောက်ကျားစနစ်ကိုသာ ကျင့်သုံးကြသည်ဟု သိရသည်။
 
နအဖနှင့် ဒီကေဘီအေတို့၏ ယခုထိုးစစ်မှာ မည်သည့်နေရာကို အဓိကထားထိုးစစ်ဆင်လာမည်ကို စစ်ရေး အကဲခတ်သမားများ နားမလည်ကြသေးသော်လည်း စစ်ဆင်ရေးအနေအထားအရ ဘုရားသုံးဆူဒေသ အနီးတဝိုက်ကို ဦးတည်နေသည်ဟု ပြောဆိုနေကြသည်။
 
မိုးရာသီအတွင်း ယခုထိုးစစ်ဆင်မှုများကြောင့် စစ်အစိုးရနှင့် ဒီကေဘီအေတို့၏ ပေါ်တာအထမ်းသမားအဖြစ်သို့ မရောက်ရှိစေရန် ဒေသခံများမှာ လယ်ယာလုပ်ငန်းများကို ရပ်ဆိုင်းထားကြရသည်ဟု သိရသည်။
 
ကြာအင်းဆိပ်ကြီးမှ ပဲ့ချိပ်လှေစီးပြီး ဘုရားသုံးဆူမြို့သို့ ယမန်နေ့က ရောက်ရှိလာသော မွန်ပြည်သစ်ပါတီမှ ဆေးမှူးတစ်ဦးအဆိုအရ လမ်းခရီးတလျှောက် ဖေါင်ဖွဲ့စျေးအိမ်များတွင် လူမစည်ကားတော့ကြောင်း၊ ရွာသားများလည်း စက်လှေသံများကြားတိုင်း သတိထားပြီး ထွက်ကြည့်နေကြကြောင်း သိရပါသည်။
 
မကြာမီတွင် တိုက်ပွဲများဖြစ်လာမည်ကို ဘုရားသုံဆူမြို့ဒေသရှိ ကရင်အမျိုးသားများအကြား အလွန်စိုးရိမ် နေကြရသည့် ပြောဆိုသံများ ထွက်ပေါ်နေ၏။
 
ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU တပ်မဟာ(၇) တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ KNU တို့ဆုတ်ခွါပေးလိုက်ပြီး ထိုင်းနိုင်ငံသို့ ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေကြရသည်။
 
၂၀၀၉ ခု၊ မေလ ၂၁ ရက်နေ့၊ မြဝတီမြို့၌ ကျင်းပခဲ့သော DKBA အစည်းအဝေးမှ အတည်ပြုဖွဲ့စည်းပုံသစ်အရ DKBA - တပ်မဟာ ၅ မှူး၊ ဗိုလ်မှူးချုပ် စောလားဖွယ်(ခ) နှုတ်ခမ်းမွေးက တပ်ဖွဲ့များကိုဦးစီးပြီး ကလို့ထူး ဘောဗျူဟာမှူး- ဗိုလ်မှူးကြီး စောစိန်မြင့်၊ ဒု- ဗျူဟာမှူး- ဗိုလ်မှူးကြီး စောမောသို တို့ပါဝင်ကြသည်။
 
လက်အောက်ခံတပ်များမှာ ထီးဖိုးသံ၊ ကြအင်းဆိပ်ကြီးမြို့နယ်အခြေစိုက်တွင် တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး စောဘလူး ၉၀၁-တပ်ရင်း၊ အစွန်းရွာ၊ ကော့ကရိတ်မြို့နယ်အခြေစိုက် တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး စောကျော်ကျော် ၉၀၄-တပ်ရင်း၊ တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး မန်းဉာဏ်မင်း ၉၀၆-တပ်ရင်း၊ မြဝတီမြို့၌တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး စောနော်တယာ ၉၀၇- တပ်ရင်း၊ တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး နယ်လယ်ဟေး (ခ) နိုင်လွန် ၉၀၅-တပ်ရင်းတို့ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု DKBA မှတ်တမ်းအရ သိရသည်။

Most read this week