ထိုင်းနိုင်ငံသို့ တပ်ပြေးများ လူကုန်ကူး ပို့ဆောင်ခဲ့ဟု ယူဆသူကို ဖမ်းဆီးခဲ့

ထိုင်းနိုင်ငံသို့ တပ်ပြေးများ လူကုန်ကူး ပို့ဆောင်ခဲ့ဟု ယူဆသူကို ဖမ်းဆီးခဲ့
လွန်ခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်၌ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့် ရဲဘော် ၁၀ ဦးတို့ ထိုင်းနိုင်ငံတွင်း တစ်နေရာသို့ ထွက်ပြေး ရောက်ရှိခဲ့ ...

 
စံခလပူရီ(ဇူလိုင်-၂၇)။    ။ လွန်ခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်၌ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့် ရဲဘော် ၁၀ ဦးတို့ ထိုင်းနိုင်ငံတွင်း တစ်နေရာသို့ ထွက်ပြေး ရောက်ရှိခဲ့ရာ ၎င်းတပ်ပြေးများကို တင်ပို့သူပေးခဲ့ဟုယူဆပြီး ဘုရားသုံးဆူမြို့၊ အမှတ် ၄ ရပ်ကွက်နေ ဒေါ်ခင်ကြွယ်အား အာဏာပိုင်များ ဖမ်းဆီးထားကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော ရဲဆားပုလင်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
 
 Kaowao Newsအဆိုပါဒေါ်ခင်ကြွယ်သည် အသက် ၄၅ နှစ်ခန့်ရှိ၊ ထားဝယ် လူမျိုးတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူမှ ထိုင်းနိုင်ငံသို့ လူတင်ပို့ရာတွင် ကျော်စောသူ အမည်စာရင်း ပါရှိသူတစ်ဦးဟု ဆိုသည်။
 
အဆိုပါတပ်ပြေးများကို လူကုန်ကူးသူများပို့ဆောင် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် ဝက်တုတ်ကွေး ကျန်းမာရေးအကြောင်း ပညာပေးရန် အကြောင်း ပြချက်ဖြင့် လူကုန်ကူးမှု ကျောစေသူ ၁၈ ဦးကို မြို့နယ်မယကမှ ခေါ်ယူသြဝါဒပေးခဲ့ပြီး တဆက်တည်းမှာပင် ခလရ ၃၂ တပ်ရင်းမှူးက တွေ့ဆုံလိုသဖြင့် တပ်စခန်းတည်ရှိရာ ဘုရင့်နောင်ကုန်းသို့ ဆက်လက်ခေါ်ဆောင်သွားကြသည်ဟု မယကရုံးမှ အမည်မဖေါ်လိုသူဝန်ထမ်းတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်အသိပေးခဲ့သည်။
 
ဘုရင့်နောင်ကုန်းရှိ၊ ခလရ ၃၂ တပ်ရင်းရုံး၌ ညနေ ၃ နာရီခန့်တွင် တွေ့ဆုံကြရာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်
က “ခင်ဗျားတို့ဟာလူကုန်ကူးတဲ့သူတွေပဲ၊ ကျုပ်တို့အချိန်မရွေးဖမ်းဆီးပြီး ထောင်ချနိုင်တယ်၊ ကျုပ်တို့ဆီက တပ်ပြေးတွေ ခင်ဗျားတို့လက်မခံပါနဲ့၊ နောင်ဒီလိုလုပ်မဲ့သူတွေကိုလည်း ကျုပ်တို့အရေးယူသွားမှာပဲ” ဟု အဆိုပါကျော်စောသူ ၁၈ ဦးကို ဆူပူကြိမ်းမောင်းမှူများ ပြုလုပ်ပြီး ဤကဲ့သို့တပ်ပြေးများကို နောင်တွင်လက်ခံ ပို့ဆောင်ခြင်း မပြုပါကြောင်း ဝန်ခံလက်မှတ်ထိုးစေခဲ့သည်။
 
တပ်ရင်းမှူး၏ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ဗိုလ်ကိုကိုလွင်သည် တပ်ရင်းမှူးဒုဗိုလ်မှူးကြီးခင်ဇော်နှင့် ပုဂ္ဂိုလ်အရ မချေမငံဖြစ်ကြရာမှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် လက်အောက်ခံရဲဘော်များ အားလုံးစုစုပေါင်း ၁၂ ဦးတို့ လူကုန်ကူးသူအချို့နှင့် အဆက်အသွယ်ရယူပြီး ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်သွားကာ လုံခြုံသောနေရာတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။
 
ဘုရားသုံးဆူမြို့သည် အိမ်ခြေတစ်ထောင်ကျော်ရှိ နယ်စပ်စီးပွားရေးလုပ်ကိုင်ရာ မြို့တစ်မြို့ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အပြန်အလှန် တရားဝင်ကုန်သွယ်ရာ လမ်းကြောင်းမဟုတ်ပါ။ ထိုင်းနိုင်ငံသို့လူကုန်ကူးတင်ပို့
ပေးခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် သစ်မှောင်ခို ပရိဘောဂလုပ်ငန်းများ ထင်ရှားသည်။
 
ဘုရားသုံးဆူနယ်စပ်မြို့သည် နွေရာသီတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ မြေနီလမ်းကြောင်းအတိုင်း မော်တော်ကား၊ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီး မိုးရာသီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ပဲ့ချိတ်လှေများဖြင့်သာ သွားလာနိုင်သည်။

Most read this week