KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံ လက်နက်ချ

KNLA တပ်ဖွဲ့ဝင်ဟောင်းအချို့ စစ်အစိုးရထံ လက်နက်ချ
KNU တပ်ဖွဲ့ဝင်အချို့နှင့်မိသားစုဝင်များ၊ လက်နက်နှင့်အတူ မြဝတီမြို့၊သင်္ဃန်းညီနောင် လမ်းခွဲ မော်တော်ကား ၄ စီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်၌ မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့နှင့် ဆက်သွယ် မေးမြန်းချက်အရ သိရ ...

 
မဲဆောက်(ဇူလိုင်-၂၂)။    ။ KNU တပ်ဖွဲ့ဝင်အချို့နှင့်မိသားစုဝင်များ၊ လက်နက်နှင့်အတူ မြဝတီမြို့၊သင်္ဃန်းညီနောင် လမ်းခွဲ မော်တော်ကား ၄ စီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်၌ မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့နှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။
 
စစ်အစိုးရအာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများအဆိုအရ ထိုတပ်ဖွဲ့ဝင်များမှာ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ ၊ ခွဲ ၃ မှတပ်ခွဲမှူး အဆင့်ဆိုသူ စောထူးကေအပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦး၊ မိသားစုဝင် ၄၀ ခန့်ပါရှိပြီး RPG-5 တစ်လက်နှင့်၄င်း၏ဗုံးသီး ၂ လုံး၊ AK-47 သေနတ် ၅ လက်၊ M-16သေနတ် ၃ လက်၊ ပစ္စတို ၂ လက်ပါရှိသည်ဟု ဆိုသည်။
 
KNU တပ်မဟာ ၆ အရာရှိတစ်ဦးက အဆိုပါတပ်ဖွဲ့ဝင်များ လက်နက်ချရန် ဝင်ရောက်သွားသည်ကို အတည်ပြုခဲ့ပြီး အင်အား ၁၈ ဦး၊ သေနတ် ၈ လက်ပါရှိသည်ဟု ပြောပါသည်။
 
ယင်း KNU အရာရှိက “ကျနော်တို့မှတ်တမ်းမှာ တပ်ရင်း ၁၈ ကတပ်ခွဲမှူးက ဗိုလ်ကြီးသန်းတင်ပါ၊ စောထူးကေ မဟုတ်ပါဘူး၊ သူ့ဟာသူခွဲမှူးလို့ဆိုပြီး ကျနော်တို့ဆီက အနားယူခဲ့တဲ့လူဟောင်းတွေထဲကပဲ ဖြစ်နိုင်ပါတယ်”ဟု ထင်မြင်ချက်ပေးခဲ့သည်။
 
အဆိုပါတပ်ဖွဲ့ဝင်များကို DKBA မှ စီမံမှုများပြုလုပ်ပေးနေသည်ကို တွေ့ရှိနေရသည်ဟု ဆိုသည်။ ယနေ့မွန်းလွဲပိုင်း တွင် ဖားအံမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်ဟု သိရသည်။
 
နယ်စပ်သတင်းလေ့လာသူများ အဆိုအရ မကြာမီရက်ပိုင်းတွင် ဖားအံမြို့၌ ကရင်ပြည်နယ်၊ ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းက လက်နက်ချအခမ်းအနား တစ်ရပ်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်နေသည့်သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုပါသည်။
 

Most read this week