စံခလပူရီ(ဇူလိုင်-၂၀)။ ။ ယနေ့တွင် ကျရောက်သော မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံစံခလပူရီမြို့ရှိ မွန်ပြည်သစ်ပါတီ ပြည်ပဆက်ဆံရေးရုံးတွင် အကျဉ်းချုံး၍ ကျင်းပခဲ့ရာ ပညာရှင် အချို့၊ မွန်ပြည်သစ်အဖွဲ့ဝင်အချို့၊ မွန် NGO အဖွဲ့အစည်းများ၊ မွန်သတင်းဌာနများ၊ စစ်မှုထမ်းဟောင်းများနှင့် မွန်အရေးစိတ်ပါဝင်စားသူ တစ်ရာခန့် တက်ရောက်နေသည်ကို တွေ့ရှိရသည်။
အခန်းအနားသဘာပတိအဖြစ် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ အဖွဲ့ဝင်များအဖြစ် ပြည်ပရုံးများတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်နိုင်အောင်မင်း၊ မွန်ပြည်သူ့တပ်ဦး တပ်ဖွဲ့ဝင်ဟောင်း နိုင်မြတီ၊ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းရွတ်တို့ပါဝင်ပြီး ဗဟိုကော်မတီဝင် နိုင်အောင်မငေးက အခန်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
အခန်းအနားတွင် နိုင်ဟံသာကမွန်ပြည်သစ်ပါတီစတင် ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို ရှင်းပြခဲ့ပြီး ယနေ့အခန်းအနားကျင်းပရခြင်း အဓိကအကြောင်းရင်းမှာ မွန်ပြည်သစ်ပါတီ အပေါ် စစ်အစိုးရတောင်းဆိုနေသော နယ်ခြားစောင့် တပ်ပြောင်းလဲရေးကိစ္စရပ်ကို တက်ရောက်လာသူ များထံမှအကြံပြုချက်များကို ရယူလိုရန်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ဆက်လက်ပြီး နိုင်အောင်မငေးက ကွယ်လွန်သူဥက္ကဌကြီးများ မွန်ပြည်သစ်ပါတီဖခင်ကြီးနိုင်ရွှေကျင်၊ နိုင်နွန်လာ၊ နိုင်ထင်တို့၏ အထုပ္ပတ္တိအကြောင်းအရာများကို အကျဉ်းချုံး၍ ပြောကြားခဲ့ပါသည်။
မွန်ပြည်သူ့တပ်ဦးဝင်ဟောင်း နိုင်မြတီကလည်း သူရင်ဆိုင်ဖြတ်သန်းလာခဲ့ရသည့် မွန်ပြည်သူ့တပ်ဦး နောက်ဆုံးလက်နက်ချလိုက်ရသည့်အထိ ဖြစ်ပေါ်ရင်ဆိုင်လာခဲ့ရသော သူ၏နိုင်ငံရေးအတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။
ဆက်လက်ပြီး ပြည်ပနိုင်ငံဆက်ဆံရေးတာဝန်ခံ နိုင်အောင်မင်းက လွန်ခဲ့သောဇွန်လ ရ ရက်နေ့၌ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း ဦးဆောင်သော ရ ဦးပါရတခအဖွဲ့နှင့် ဥက္ကဌနိုင်ထောမွန် ခေါင်းဆောင်သော ၉ ဦး ပါမွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တို့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြစဉ် နေပြည်တော်ကိုယ်စား တိုင်းမှူး၏တင်ပြချက်များကို အသေးစိတ်ရှင်းပြခဲ့သည်။
တက်ရောက်လာလေ့လာနေကြသော ပြည်ပရောက်မွန်လူငယ်အချို့စစ်အစိုးရ၏တင်ပြချက်များမှာ ယခင်သတင်းများတွင် ဖေါ်ပြပါရှိခဲ့သည့်အတိုင်း (၁) မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကို နယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်းပေးရန်၊(၂) မပြောင်းလဲနိုင်ပါက ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ်ခံယူရန် (၃) သို့မဟုတ်ပါက မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားများကို (စစ်အစိုးရအား)တင်ပြပေးရန် စသည့်အချက် ၃ ချက်ပါဝင်သည်ဟု ဆိုပါသည်။
ထိုစဉ်က ဇွန်လကုန်ပိုင်းတွင် စစ်အစိုးရအား မွန်ပြည်သစ်ပါတီမှ အကြောင်းပြန်ကြားရမည်ဆိုခဲ့သော်လည်း အခြေအနေအရပ်ကြောင့် ဇူလိုင်လနောက်ဆုံးအပတ်မှသာ ဗဟိုကော်မတီအစည်းကို ကျင်းပနိုင်မည် ဖြစ်သောကြောင့် သြဂုတ်လမှသာ ပြန်ကြားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများ၊ သတင်းထောက်များ၏ မေးမြန်းချက်ကို နိုင်အောင်မင်းမှ အကျယ်တဝင့်ရှင်းပြပေးခဲ့သည်။ တက်ရောက်လာသူ ပညာရှင်များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များ၊ သတင်းဌာနများ၏ အကြံပြုချက်များကို အသေးစိတ်မှတ်သားကာ ဗဟိုကော်မတီအဝေးတွင်တင်ပြဆွေးနွေးသွားမည်ဟု ပြန်လည်ပြောပြခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီကို စာဖြင့်အကြံပေးလိုပါလျှင် လာမည့်ဗဟိုကော်မတီ အစည်းအဝေးအမီ စာရေးသားပေးပို့နိုင်ကြောင်း တောင်းဆိုခဲ့ပါသည်။
အလားတူ မွန်ပြည်သစ်ပါတီ ခရိုင်၊ တပ်ရင်းများအသီးသီးသို့၄င်း၊ သက်ဆိုင်ရာဒေသရှိ မွန်ရဟန်း သံဃာတော်များ၊ မွန်မျိုးချစ်ပုဂ္ဂုလ်များ၊ မွန်အဖွဲ့အစည်းအသီးသီးထံသို့လည်း ပါတီဗဟိုအလုပ်အမှူဆောင်များ ယခုကာလတွင် အလားတူသွားရောက်ရှင်းပြလျှက်ရှိပြီး အကြံပြုချက်များကို တောင်းဆိုနေကြောင်းလည်း နိုင်အောင်မင်းက ရှင်းပြခဲ့သည်။
မွန်ပြည်သစ်ပါတီ၏လက်ရှိရပ်တည်ချက်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အများတောင်းဆို နေသည့်အတိုင်း ပြည်လည်ပြင်ဆင်ခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲကိုလည်းမဝင်၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကိုလည်း မည်သည့်လက်အောက်တွင်မှမထားရှိ၊ လက်ရှိ အနေအထားအတိုင်း တပ်ဖွဲ့ကို လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။ အများလက်ခံသည့် သုံးပွင့်ဆိုင်တွေ့ဆုံအဖြေရှာခြင်း ဖြင့်သာ လက်ရှိမြန်မာ့နိုင်ငံရေးကိစ္စအဝဝကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်လျှက်ရှိသည်။
Published
Monday, July 20, 2009 - 21:02
မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားကျင်းပ၊ နယ်ခြားစောင့်တပ်ကိစ္စ အကြံဉာဏ်များ တောင်းဆို
ယနေ့တွင် ကျရောက်သော မွန်ပြည်သစ်ပါတီ ၅၁ နှစ်ပြည့် အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံစံခလပူရီမြို့ရှိ မွန်ပြည်သစ်ပါတီ ပြည်ပဆက်ဆံရေးရုံးတွင် အကျဉ်းချုံး၍ ကျင်းပခဲ့ရာ ပညာရှင် အချို့၊ မွန်ပြည်သစ်အဖွဲ့ဝင်အချို့၊ မွန် NGO အဖွဲ့အစည်းများ ...