စံခလပူရီ(ဇူလိုင်-၁၅)။ ။ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ အရာရှိ တစ်ဦး အပါအဝင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ လူပွဲစားများအကူအညီဖြင့် ထိုင်းနိုင်ငံတစ်နေရာသို့ လိုက်လံ ပို့ပေးခဲ့ကြောင်းနှင့် အလုပ်အကိုင်များလုပ်ကိုင်နိုင်ရန် နေရာချပေးထားပြီဖြစ်ကြောင်း ဘုရားသုံးဆူမှ အမည် မဖေါ်လိုသော လူပွဲစားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
အဆိုပါတပ်ဖွဲ့ဝင်များမှာ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့်ရဲဘော် ၁၀ ဦးဖြစ်သည်ဟု ဆိုပါသည်။ လုံခြုံရေးအရ ၄င်းတို့ရောက်ရှိသောနေရာများကို မပြောကြားရန် မေတ္တာရပ်ခံခဲ့ပါသည်။
အဆိုပါလူပွဲစားဆိုသူက “ကျနော့်ကို တိတ်တဆိတ်လာဆက်သွယ်နေတာ ကြာပါပြီ၊ ကျနော်လည်း မယုံရဲဘူး၊ ဒါပေမဲ့ ကျနော်သတ်မှတ်တဲ့ ထိုင်းမြေနေရာထဲရောက်အောင်လာခဲ့လို့ ချိန်းထားပြီး သူတို့ရောက်လာတော့ ကျနော်တို့လူတွေ တစ်ဆင့်ပြီးတစ်ဆင့် လုံလုံခြုံခြုံနဲ့ အလုပ်နေရာအထိ ရောက်အောင်ပို့ပေးလိုက်တာပဲ၊ ကျနော်တို့ကတော့ အမြတ်မရလိုက်ပါဘူး၊ သူတို့ဘဝကိုသနားလို့ ပို့ပေးတာပါ” ဟု ဆိုပါသည်။
အဆိုပါစစ်သည်များ တပ်မှထွက်ပြေးခဲ့သည်မှာ လွန်ခဲ့သည့် ၅ ရက်ခန့်ရှိပြီဟု သိရသည်။ အားလုံးကို ၂ သုတ် ခွဲ၍ ပို့ပေးခဲ့ရသည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးအဆိုအရ ဤဖြစ်စဉ်ကို မိမိတို့လည်းစုံစမ်းသိရှိ ထားကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်၍ မည်သို့မျှမပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ယခုတပ်မှထွက်ပြေးသွားသော ဗိုလ်ကိုကိုလွင်ဆိုသူမှာ ခလရ ၃၂ တပ်ရင်မှူး ဒုဗမကခင်ဇော်၏ ကိုယ်ရေး အရာရှိဖြစ်သည်ဟု သိရသည်။ ဗိုလ်ကိုကိုလွင်သည် မကြာမီရက်ပိုင်းက ဘုရားသုံးဆူမြို့ပေါ်၌ မော်တော် ဆိုင်ကယ် တိမ်းမှောက်ခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့ရာ ၄င်းတပ်ရင်းမှူးနှင့် စကားများခဲ့ကြသည်။ ယခုတပ်ပြေးများမှာ ဘုရားသုံးဆူမြို့၊ ဘုရင်နောင်ကုန်းပေါ်ရှိ တပ်ရင်းရုံးမှ စစ်သည်များဖြစ်ကြသည်ဟု ဆိုပါသည်။
အဆိုပါ ခလရ ၃၂ သည် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် ယခင်ခလရ ၂၄ နှင့် ဘုရားသုံးဆူမြို့ကို လုံခြုံရေး ပေးရန် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ မကြာမီတွင် ခမရ ၃၅၆ နှင်တပ်အပြောင်းအလဲ ပြုလုပ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဘုရားသုံးဆူမြို့တွင် အခြား မြို့ကြီးများကဲ့သို့ ပုံသေတပ်များ သတ်မှတ်ထားရှိခြင်းမရှိပါ။
စစ်အစိုးရသည် နယ်စပ်တွင်အစားချောင်သဖြင့် ဘုရားသုံးဆူမြို့တွင် ၃ လတစ်ကြိမ် တစ်တပ်ပြီးတစ်တပ် တပ်အပြောင်းအလဲ ပြုလုပ်စေကာ ၄င်းတို့၏တပ်ရင်းမှူးများကို မြို့အကြီးအကဲအဖြစ်အုပ်ချုပ်စေသည်။ မယကအဖွဲ့အစည်းမှာ တပ်ရင်းမှူး၏အမိန့်ကို နာခံရသည်။ တပ်ရင်းမှူးများပြောသမျှ အမိန့်ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံများ ယူဆထားကြသည်။
Published
Wednesday, July 15, 2009 - 18:03
ဘုရားသုံးဆူမှ နအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ ထွက်ပြေး
ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ အရာရှိ တစ်ဦး အပါအဝင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ လူပွဲစားများအကူအညီဖြင့် ထိုင်းနိုင်ငံတစ်နေရာသို့ လိုက်လံ ပို့ပေးခဲ့ကြောင်းနှင့် အလုပ်အကိုင်များလုပ်ကိုင်နိုင်ရန် နေရာချပေး ...