KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ

KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ရ ဌာနချုပ်ကို လွန်ခဲ့သည့်ဇွန်လ ၂၁ ရက်နေ့တွင် ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ် မဟာ ၆ ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင် ...

စံခလပူရီ(ဇူလိုင်-၁၀)။    ။ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ရ ဌာနချုပ်ကို လွန်ခဲ့သည့်ဇွန်လ ၂၁ ရက်နေ့တွင် ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ် မဟာ ၆ ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စစ်အစိုးရအရာရှိများနှင့် ဒီကေဘီအေ အဆင့်မြင့်ကိုယ်စားလှယ်တို့ ယမန်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက အသိပေးပြောကြားခဲ့သည်။

ယခုစစ်ဆင်ရေးတွင် စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌ အခြေပြုလျှက်ရှိသည်ဟု နယ်စပ်စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူများက အတည်ပြု ပြောကြားပါသည်။

ဆန်းစစ်လေ့လာမှုများအရ ယင်းစကခ ၁၂၊ နဗဟ ၁ လက်အောက်ခံတပ်များမှာ ဘုရားသုံးဆူ- သံဖြူဇရပ် မော်တော်ကားလမ်းတစ်လျှောက် အနန်းကွင်း- ဘုရားသုံးဆူအပိုင်းတွင် ခမရ ၃၅၆၊ ၃၅၇ တို့လှုပ်ရှားလျှက်ရှိပြီး ခမရ ၃၅၉ မှာ ထိုင်းနယ်စပ် ကျိုက်ဒုံဒေသတွင် အခြေပြုနေသည်။

အရံတပ်များအဖြစ် ခမရ ၂၈၂၊ ၂၈၃၊ ၂၈၄၊ ၅၄၆၊ ၅၄၇ တပ်ရင်းများကို အသင့်ပြင်ဆင်ထားပြီး ယခုလကုန်ပိုင်း ခန့်တွင် တိုက်ပွဲကြီးများစတင်ဖြစ်ပွားလာနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။

ဤစစ်ဆင်ရေးကို ဒီကေဘီအေမှ ဗျူဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်းအပါအဝင် လက်အောက်ခံဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်လာမည် ဟု KNU ဖက်မှ သတင်းရရှိထားသည်ဟု သိရသည်။

လောလောဆယ်တွင် ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်
ရေးတပ်ဖွဲ့မဟုတ်ပဲ စစ်ပွားရေးလုပ်ဆောင်ရန်နှင့် ဂိတ်ကြေးများကောက်ခံရန်သာ ထားရှိထားသောတပ်ဖွဲ့များ
ဖြစ်သည်။ ၄င်းတပ်ဖွဲ့ဝင်များကို ဦးစီးကွပ်ကဲနေသူမှာ ဒီကေဘီအေ စီးပွားရေး/ ဆက်ဆံရေးတာဝန်ခံ (ဘုရား သုံးဆူ ဒေသ) ဗိုလ်မှူးစိုးမိုးဖြစ်သည်ဟုသိရပြီး ယမန်နေ့ရတခတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

စစ်အစိုးရနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်ကို ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ
က လက်ခံခဲ့သော်လည်း ယင်းကိစ္စနှင့်အတူ ကရင်လူမျိုးအချင်းချင်းသတ်ဖြတ်နေရသည့် လုပ်ရပ်တို့ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အတွင်း လက်မခံသူများရှိနေပြီး ၄င်းတို့၏လှုပ်ရှားမှုများကို ပြင်ပသတင်းဌာနသို့ တိတ်တ ဆိတ်ပေးပို့နေမှုများလည်း ရှိနေသည်။

ဤစစ်ဆင်ရေးမှာ ယမန်နေ့ဖေါ်ပြခဲ့သော KPF မှတပ်ရင်းမှူးတစ်ဦးနှင့်တပ်ဖွဲ့ဝင်အချို့ KNU ထံ လက်နက်ချဘက် ပြောင်းသွားသည်နှင့်မသက်ဆိုင်ပဲ စစ်အစိုးရတို့ကြိုတင်ရေးဆွဲထားသည့် အစီအမံဖြစ်သည်ကို ယခင်လစစ် သတင်းများ ဖေါ်ပြချက်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

မကြာမီ တိုက်ပွဲများဖြစ်ပေါ်လာမည့် အခြေအနေများ ရှိနေသောကြောင့် ထိုင်းတို့ကလည်း အနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။