နာဂစ်ဒေသ ဆားလုပ်ငန်းရှင်များ ချေးငွေ ပြန်မဆပ်နိူင် အခက်ကြုံနေ

နာဂစ်ဒေသ ဆားလုပ်ငန်းရှင်များ ချေးငွေ ပြန်မဆပ်နိူင် အခက်ကြုံနေ
မုန်တိုင်းသင့်ဒေသတွင်းရှိ ဆားလုပ်ငန်းရှင်များကို နိုင်ငံတော်မှ ပြန်လည် ထူထောင်ရေး အနေဖြင့် တဧကလျှင် ငွေသုံးသိန်းနှုန်းဖြင့် မတည် ထုတ်ချေးခဲ့ရာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဆားကွင်းများပျက်စီး၍ ထုတ်လုပ်မှု ၄ ပုံ ၁ ပုံသာ ရရှိကြောင်း သိရ ...

 
လပွတ္တာ-ဇူလိုင်(၆)။     ။ မုန်တိုင်းသင့်ဒေသတွင်းရှိ ဆားလုပ်ငန်းရှင်များကို နိုင်ငံတော်မှ ပြန်လည် ထူထောင်ရေး အနေဖြင့် တဧကလျှင် ငွေသုံးသိန်းနှုန်းဖြင့် မတည် ထုတ်ချေးခဲ့ရာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဆားကွင်းများပျက်စီး၍ ထုတ်လုပ်မှု ၄ ပုံ ၁ ပုံသာ ရရှိကြောင်း သိရပါသည်။
 
ငွေချေးယူထားသောလုပ်ငန်းရှင်များသည် မတ်လတွင် အတိုးနှုန်းတကြိမ်သွင်းရန််နှင့် သြဂုတ်လတွင် အရင်း ထက်ဝက်နှင့် အတိုးနှုန်းတကြိမ်ထပ်မံသွင်းရန် သတ်မှတ်ခဲ့သော်လည်း ယ္ခုသြဂုတ်လရောက်လာတော့မည်ဖြစ်ရာ အတိုးရောအရင်းပါ ပေးသွင်းနိူင်မည်မဟုတ်သောကြောင့် အခက်ကြုံနေရကြပါသည်။
 
လပွတ္တာမြို့ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်ဖြူ၏အဆိုအရ - ဆားကွင်းပျက်စီးမှုများပြားသောကြောင့် ဆားအထွက်နှုန်း အလွန်အမင်းနည်းပါးခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များက ၄င်းကိုဆင့်ခေါ်ကာ ဆားထုတ်ချေး
ငွေကို အပြည့်ပြန်သွင်းပေးရန် ဖိအားပေးလာကြောင်း၊ အကယ်၍မပေးသွင်းနိူင်ပါက အရေးယူမည်ဖြစ်ကြောင်း သတိပေးခြိမ်းခြောက်လာသည်ဟုဆိုသည်။
 
ဟိုင်းကြီးကျွန်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင်တစ်ဦးကမူ- “စားစရာမရှိပေမဲ့ ပေးစရာရှိတော့ပေါင်နှံပြီး ဆပ်ရတော့ မှာဘဲ။ ဆားအားလုံးပျက်စီးသွားပေမဲ့ သူတို့က ဒါက်ိုမသိဘူး။ ပေးစရာရှိယင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှာကြံပေးလို့ ပြောဆိုထားတော့ နောက်ဆုံးရှာကြံပြီး ပေးရတော့မှာပေါ့။ ကျွန်တော်တို့တော့ အတိုးနဲ့ ပိနေတော့ နလံထူဘို့ မလွယ်တော့ဘူးထင်တယ်” ဟုပြောဆိုခဲ့ပါသည်။
 
တချို့ဆားကွက်အနည်းငယ်မှာ နေရာကွက်၍မိုးလွတ်ခဲ့သဖြင်  ချေးငွေကိုပြန်ပေးဆပ်နိူင်စွမ်းရှိကြမည် ဆိုသော်လည်း  အများစုမှာ မပေးဆပ်နိူင်သဖြင့် ဆားကြမ်းဝယ်သူ၊ ဆားချောဝယ်သူ ကုန်သည်များထံတွင် အတိုးနှုန်းမြင့်မားစွာဖြင့် ငွေချေးယူ၍ ပေးဆပ်နေရကြောင်းသိရပါသည်။

Most read this week