စံခလပူရီ(မေ-၁၅)။ ။၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က လက်ရှိ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။
(၁) နအဖစစ်အစိုးရမှ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအမှုဆင်၊ တရားစွဲပြီး၊ မတရား အပြစ်ပေးရန် ကြံစည်နေခြင်းသည် လုပ်ကြံမှု သက်သက်သာ ဖြစ်သည်။
(၂) အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရဆွေးနွေးခြင်း၊ နိုင်ငံရေးအရသဘောတူညီချက်များ ရယူခြင်းမရှိဘဲ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖန်တီးလုပ် ဆောင်နေခြင်းသည် အဆိုပါအပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများ၏ နိုင်ငံရေးတွင် အရေးပါမှုအခန်း ကဏ္ဍနှင့် တပ်ဖွဲ့တည်ရှိမှု ပျောက်ပျက်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
(၃) ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း နအဖစစ်တပ်များ က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်၄င်း၊ အတင်းအဓမ္မတပ်သားစုဆောင်းခြင်း၊ ကလေးသူငယ်များကို စစ်သား အဖြစ်စုဆောင်းခြင်းအပါအဝင် လူ့အခွင့်အရေးများကို နေ့စဉ်နှင့်အမျှ ချိုးဖောက်နေခြင်းသည်၄င်း၊ ထောင်ပေါင်း များစွာသော အပြစ်မဲ့ဒေသခံပြည်သူများကို စစ်ပြေးဒုက္ခသည်များအဖြစ်သို့ သက်ရောက်စေခြင်း အားဖြင့် အိမ်နီး ချင်းနိုင်ငံများအပါအဝင် ဒေသအတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနေခြင်းဖြစ်သည့်အပြင် နအဖ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း သည်လည်း ဟန်ပြသက်သက်သာဖြစ်ကြောင်း ထင်ရှားစေသည်။
(၄) နအဖစစ်အစိုးရ၏ အတုအယောင်အမျိုးသားညီလာခံက ရေးဆွဲပြဌာန်းလိုက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတင်းအဓမ္မအတည်ပြုပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာခြင်းသည် တိုင်းပြည်၏ လက်ရှိအထွေထွေ အကြပ်အတည်းပြဿနာများအား ဖြေရှင်းနိုင်မည့်နည်းလမ်း မှန်မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်တရားဝင်တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နအဖစစ်အစိုးရအနေဖြင့် အထက်ပါကျူးလွန်နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး လက်ရှိနိုင်ငံရေး ပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်ဟု ဖေါ်ပြခဲ့သည်။
ထို ့အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တောင်းဆိုထားပြန်သည်။
ဤထုတ်ပြန်ချက်ကို ၂ဝဝ၉ ခု ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်ခဲ့သည့် ENC ဒုတိယသက်တမ်း စတုတ္ထအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးလ ပတ်ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council ( Union of Burma) ကို တိုင်းရင်းသားပြည်နယ် ရ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။