မဲဆောက်(ဇွန်-၁ဝ)။ ။ မြန်မာရွှေပြောင်းအလုပ်သမားများအတွက် စစ်အစိုးရက တရားဝင်နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ညွှန်ကြားချက်များ မရရှိသေးးကြောင်း မဲဆောက်မြို့မှ အမည်မဖေါ်လိုသော မြန်မာလဝက အရာရှိ တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ပြည်တွင်းတွင်ထုတ်ဝေနေသော Weekly Eleven News စာစောင်၏ ယနေ့ နေ့စွဲပါ စာစောင်၏ ဖေါ်ပြချက်တွင် “ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမား မှတ်ပုံတင်ထားပြီးပါက တရားဝင်လုပ်သားအခွင့်အရေး များအပြင် အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်သက်တန်း လေးနှစ်ရှိရရှိမည်” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖေါ်ပြ ပါရှိလာပါသည်။
ထိုသတင်း၌ “မြန်မာ-ထိုင်းနယ်စပ် မြန်မာ နိုင်ငံဘက်ခြမ်းတွင် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းမြို့များ၌ မြန်မာနိုင်ငံကူးလက်မှတ်ယာယီထုတ် ပေးရေးစခန်းများကို မြန်မာနိုင်ငံမှ ဖွင့်လှစ်ထားပြီး နေ့စဉ်မြန်မာနိုင်ငံ ကူးယာယီလက်မှတ် ၂ဝဝ ခန့်ကို ပုံမှန်ထုတ်ပေးလျက်ရှိပြီးလိုအပ်ပါက ပိုမိုထုတ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ထားကြောင်းလည်း သိရပါသည်”ဟု ဖေါ်ပြပါရှိသည်။
ယင်းသတင်းဖေါ်ပြချက်နှင့် ပတ်သက်၍ အဆိုပါမြန်မာလဝက၏ အမြင်ကိုမေးမြန်းကြည့်ရာ “လက်ရှိစစ်အစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားကိစ္စကို ထိုင်းအစိုးနဲ့ သဘောတူညီမှုတွေ လုပ်ခဲ့ကြပေမဲ့ အချိန်ဆွဲထားတာက ဒီကိစ္စကို အချို့ထိပ်ပိုင်းခေါင်းဆောင်တွေ လက်မခံလို့လည်း ဖြစ်နိုင်ပါတယ်၊ စာစောင်မှာ အခုလိုသတင်းထွက်လာ တာကိုတော့ ကျနော်တို့လည်း နားမလည်နိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။
လွန်ခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန် ကယောက်တွန်က ထိုင်းနိုင်ငံရှိ တရား မဝင် နိုင်ငံခြားသား အလုပ်သမားများ တရားဝင်အလုပ်သမား မှတ်ပုံတင်နိုင်ရန် နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းအစိုးရက စီစဉ်နေပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ကိုပါ ထုတ်ပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက်မှာ (၄) သိန်း
မှ (၅) သိန်းအကြားရှိပြီး မှတ်ပုံမတင်ထားသည့် တရားမဝင်အလုပ်သမားများ (၄) သိန်း ရှိကြောင်း၊ ဤထိုင်း ကက်ဘိနက်က အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါက နိုင်ငံခြားအလုပ်သမား များသည် (၁) လအတွင်း မှတ်ပုံတင်ကြရမည်ဖြစ်သည်ဟု အလုပ်သမားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်လုပ်ရန်မှာ ယခုအချိန်၌ နှစ်ဖက်နိုင်ငံစလုံးမှာ အဆင်သင့် မဖြစ်သေးသည့် အခြေအနေတွင် ရှိနေသည်။
Weekly Eleven News စာစောင်၏ အဆိုပါသတင်း၌ “ယာယီ မြန်မာနိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများကိုထပ်မံစိစစ် ၍ဗီဇာထုတ်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အလုပ်ရှင် ကိုယ်စားလှယ်များပါဝင်သည့် ညှိနှိုင်းအဖွဲ့ဖြင့် အလုပ်သမားမှတ်ပုံတင် ပေးခြင်းများကို ဆောင်ရွက်ရန် ထိုင်း-
မြန်မာ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းမြို့များ၌ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ထား ကြောင်းလည်း သိရသည်” ဟု ဆက်လက်ဖေါ်ပြထားရာ မဲဆောက်မြို့တွင် ထိုင်းတို့က ထိုရုံးများလောလောဆယ် တွင်ဖွင့် လှစ်ထားခြင်းမရှိသေးဟု စုံစမ်းသိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုမှာ မြန်မာစစ်အစိုးရ ထုတ်ပေးမည်ဆိုသည့် ယာယီနိုင်ငံကူး လက်မှတ်ကိစ္စကို အခွင့်အလမ်းတစ်ရပ်အနေဖြင့် အလွန်စိတ်ဝင်စားနေကြသည်။ ယင်းလက်မှတ်ကို ရရှိနိုင်ရန် မည်မျှငွေကြေးစိုက်ထုတ်ရပြီး မည်သည့် အချက်အလက်၊ စာရွက်စာတမ်း အထောက်အထားများ လိုအပ်သည်ကို လိုက်လံစုံစမ်း နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အတိအကျ မပြောပြနိုင်သေးပေ။