စံခလပူရီ(ဇွန်-၉)။ ။ ထိုင်းမြန်မာနယ်စပ်နယ်စပ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့ သို့ ပဲ့ချိပ်လှေများဖြင့် အပြန်အလှန်သွားရောက်နိုင်မည့် လိုင်းလှေများ မနက်ဖြန် ဇွန်လ ၁ဝ ရက်နေ့မှ စတင်ပြေးဆွဲရန် KNU မှခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်စခန်းက ပြောကြားပါသည်။
မိုးရာသီကာလတွင် ဘုရားသုံးဆူနယ်စပ်မြို့မှ ပြည်တွင်းသို့ ကုန်စည်များ အပြန်အလှန် ကူးလူးသွားလာကြရာတွင် ကြာအင်းဆိပ်ကြီးသည် အဓိကကျသည့် တစ်ခုတည်းသော ရေလမ်းကြောင်းဖြစ်သည်။ အခြားလမ်းကြောင်းများ ရှိသော်လည်း ခြေလျှင်ခရီးဖြင့် ခက်ခဲစွာ သွားရသဖြင့် ကျွဲနွားတင်သွင်းသူများမှလွဲ၍ အသုံးပြုသူ နည်းပါးသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှတဆင့် မော်တော်ကားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့သို့ ရောက်ရှိနိုင်သည်။ ကြာအင်းဆိပ်ကြီး-မော်လမြိုင် သင်္ဘောလိုင်းရှိသော်လည်း အချိန်၊ ရက်ချိန်းများ မှန်ဆရခက်၍ ဘုရားသုံးဆူမှ လာသောခရီးသည်များ အသုံးမပြုလိုကြပေ။
ဘုရားသုံးဆူမြို့မှ မုဒုံမြို့သို့ရောက်ရှိနိုင်ရန် သာမန်ခရီးသည်များအနေဖြင့် လမ်းခရီးတွင် အနည်းဆုံးတစ်ညခန့် နားခိုရပါမည်။ အဆိုပါ ဇမိမြစ်ကြောင်းတလျှောက်၌ နားခိုစရာ ကြားစခန်းများ အုပ်စုအလိုက်ဖေါင်ဖွဲ့ကာ စျေးဆိုင် များ တည်ထားကြသည်။
လှေဂိတ်များကို အဓိကအားဖြင့် KNU မှကြီးကြပ်၍ စီစဉ်ပေးထားပါသည်။ ဘုရားသုံးဆူမှ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် ၁ဝ မိုင်ခန့်ဝေးသည့် ကရိန်ထော်ချောင်း(ချောင်းဆုံ)၌ ပဲ့ချိပ်လှေများ စတင်စီးရပါမည်။ ထိုမှတဆင့် ကျွန်းချောင်း KNU စစ်ဆေးရေးဂိတ်မှတဖန် ကြာအင်းဆိပ်ကြီးမြို့သို့ အခြားပဲ့ချိပ်လှေ နောက်ထပ် တစ်စီး ပြောင်း၍စီးရပါသည်။
ယခုနှစ် သာမန်ခရီးသည်တစ်ဦး လှေစီးခနှုန်းထားမှာ ကရိန်ထော်မှ ကျွန်ချောင်းသို့ မြန်မာကျပ်ငွေ တစ်သောင်းလေးထောင် (၁၄ဝဝဝိ)၊ ကျွန်းချောင်းမှ ကြာအင်းဆိပ်ကြီးသို့ မြန်မာကျပ်ငွေ တစ်သောင်းရှစ်ထောင် ခန့် သတ်မှတ်ထားသည်ဟု လှေဂိတ်မှူးတစ်ဦးက ဆိုသည်။ သို့ရာတွင် ဂိတ်စခန်းများ ပိုမိုတိုးလာပါက လှေစီးခ နှုံးထားကိုလည်း ထပ်မံတိုးမြှင့်ရလိမ့်မည်ဟုလည်း ဆိုပါသည်။
တားဒိန်ဂိတ် (မွန်ပြည်သစ်ပါတီ)၏ အဆိုအရ ခရီးသည် ၂ဝ ယောက်ပါသော လှေတစ်စီးကို ထိုင်ဘတ်ငွေ ၈ဝဝ အထိ ကောက်ခံသည်ဟု သိရသည်။ ကျန်သည့် စစ်အစိုးရ၊ ငြိမ်းချမ်းရေးဂိတ်များ၊ အခြားဂိတ်များကောက်ခံမှု နှုန်းထားများကို မသိရသော်လည်း မွန်ပြည်သစ်ပါတီနှင့် သိပ်ကွာဟကြမည် မဟုတ်ပါဟု အဆိုပါဂိတ်တာဝန်ခံက ဆိုသည်။
ဘုရားသုံးဆူ ကားလမ်းတလျှောက်ရှိဂိတ်များမှာ ဘုရားသုံးဆူမြို့ဝင်ထွက် ဌာနပေါင်းစုံဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ DKBA ဂိတ်များအပြင် မြစ်ကျော်တစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးရှိနေကြရာ လှေစီးရာတွင် ဖြတ်သန်းရမည့် ဂိတ်များမှာ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF ဂိတ်၊ နောက်ထပ်DKBA ဂိတ်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/PC ဂိတ်၊ မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်၊ နောက်ထပ် DKBA ဂိတ်၊ KNU ဂိတ်ကြီး များရှိကြပြီး ထိုနောက်တွင် အမည်မခေါ်နိုင်သော ဂိတ်ငယ်များ၊ မြန်မာစစ်အစိုးရ စစ်ကြောင်းတို့ကိုလည်း ငွေပေး ကြရပါသည်။ ကြာအင်းဆိပ်ကြီးမြို့အနီး အမြဲတမ်းလိုလို ကျောက်ချရပ်နားထားသည့် မြန်မာရေတပ်ကိုလည်း လှေသမားများ လှေဖြတ်သန်းခ ငွေကို လှေအဝင်အထွက်ပြုလုပ်တိုင်း ပေးဆောင်နေကြရသည်။
ထိုသို့အကောက်ဂိတ်များပြားနေသည့်အတွက် နယ်စပ်မှကုန်ပစ္စည်းများ ပြည်တွင်းသို့တင်ပို့ရာ၌ လောလောဆယ် တွင် ကုန်သည်များ လမ်းခရီးအနေအထား အခြေအနေများကို စောင့်ကြည့်နေရဦးမည်ဟု ဘုရားသုံးဆူမြို့ ကုန်သည်အသိုင်းအဝိုင်းတို့က ပြောကြားနေကြသည်။