စံခလပူရီ(ဇွန်-၅)။ ။ ယမန်နေ့ သတင်းတွင်ဖေါ်ပြခဲ့သော ရွာဥက္ကဌဟောင်းအပါအဝင် ရွာသားနှစ်ဦး အဖမ်းခံခဲ့ ကြရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာ ၄င်းတို့နေအိမ်အသီးသီးကို ပြန်လည် ရောက်ရှိနေကြောင်း၊ စိတ်ပိုင်းအရ ခံစားနေကြရပြီး ရုပ်ပိုင်းကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဘုရားသုံးဆူ အုပ်ချုပ်ရေးဒေသ (မွန်ပြည်သစ်ပါတီ) မှ တာဝန်ခံတစ်ဦးက ယနေ့နံနက်တွင် အတည်ပြုပြောကြား ခဲ့သည်။
အဖမ်းခံခဲ့ရသည့် ရွာဥက္ကဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲခြင်းဖြစ်ပြီး ကာယကံရှင်များက ထိုင်းဘတ်ငွေ ငါးသောင်းတိတိဖြင့် ရွေးခဲ့ရကြောင်း သိရသည်။
သို့သော် ဤအချက်ကို ကာယကံရှင်များ ငြင်းပယ်လျှက်ရှိသည်။ “ရွာအတွက်ဆက်ကြေးတောင်းတယ်လို့ အဲဒီ အဖွဲ့ကပြောတယ်၊ သူတို့ အဆင်ပြေတဲ့တစ်နေ့ ပြန်ဆပ်မယ်လို့လည်းပြောတာပါပဲ” ကာယကံရှင်များက ယင်းကဲ့သို့ ထွက်ဆိုကြောင်း မြို့နယ်ကော်မတီဝင်(မွန်ပြည်သစ်ပါတီ) နိုင်ဘတင်က ပြောပြပါသည်။
အဆိုပါလက်နက်ကိုင်တပ်ဖွဲ့အမည်မှာ “ရာမညတပ်” ဟုအမည်ခေါ်ဆိုပြီး မွန်ပြည်သစ်မှ ရဲဘော်ဟောင်း နိုင်ခင်မောင် ဦးစီးကာ မွန် ၅ ဦး၊ ကရင် ၅ ဦး၊ ထားဝယ်အမျိုးသား ၁ ဦးပါဝင်ပြီး စုစုပေါင်း AK-47 သေနတ် ၆ လက်နှင့် ပစ္စတို တစ်လက်ရှိသည်ဟု သိရသည်။
အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ လွန်ခဲ့သည့် ဇွန်လ ၃ ရက်နေ့ ညပိုင်း ရ နာရီ ၅၅ မိနစ်ခန့်တွင် ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ကို မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ထိုင်းစစ်တပ်တို့ ကလည်း ထိုင်းနယ်မြေထဲ မလာရောက်နိုင်ရန် အဆိုပါနယ်စပ်တစ်လျှောက်တွင် အထူးဂရုစိုက်နေကြ၏။ အခြား နယ်မြေတစ်နေရာသို့ ယင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ ပြောင်းရွေ့ရန် တာစူနေကြောင်း မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။