စံခလပူရီ(ဇွန်-၄)။ ။ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ ယမန်နေ့ညပိုင်း ရ နာရီ ၅၅ မိနစ်ခန့်တွင် နိုင်ခင်မောင်ဆိုသူ ဦးစီးအင်အား ၈ ယောက်ခန့်ရှိ မောင်းပြန်သေနတ်များ အပြည့်အစုံကိုင်ဆောင်ထားသော လက်နက်ကိုင် တပ်ဖွဲ့တို့က ရွာသားနှစ်ဦးကို ကြိုးများဖြင့် ချည်နှောင်ကာ အခြား တစ်နေရာသို့ အတင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးအရာရှိ များက အတည်ပြုပြောကြားခဲ့သည်။
“တပ်ရင်း-၃ ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနဲ့ ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဘာအကြောင်းကြောင့် အခုလိုဖမ်းဆီးရတာကို ကျနော်တို့လည်း နားမလည်ပါဘူး၊ သူတို့မှာ ပုဂ္ဂိုလ်ရေးအရ မကျေလည်စရာတွေရှိတာ မကြားမိပါဘူး” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးကော်မတီဝင် နိုင်ဘတင်က သုံးသပ်ပြပါ သည်။
အဆိုပါ နိုင်ခင်မောင်အဖွဲ့တို့က ရွာဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို ဖမ်းဆီး ခေါ်ဆောင်နေစဉ်တွင် AK-47 သေနတ် ၄ ချက် ပစ်ဖေါက်ခဲ့ပြီး လက်နက်ကိုင်အားလုံးတို့မှာ ပြောက်ကျားစစ်ဝတ်စုံ ကိုယ်စီနှင့်အတူ M-79 လက်နက်ကြီးတစ်လက်ကိုလည်း တွေ့ခဲ့ရသည်ဟု မျက်မြင်များပြောပြသည်။
ထိုလက်နက်ကိုင်အဖွဲ့ကို စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲထားသည်ကို မလိုလားသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးဟောင်းတစ်ဦးက ဦးဆောင်နေ သည်ဟု မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။
ယ္ခုဝင်ရောက်ဖမ်းဆီးမှုကို ဦးဆောင်ခဲ့သူ နိုင်ခင်မောင် ဆိုသူမှာ လွန်ခဲ့သည့်နှစ်များတွင် အဆိုပါ တပ်ရင်း-၃ ကျေးရွာ၌ ကျေးရွာကာကွယ်ရေးခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ ခန့်အပ်တာဝန် ပေးထားခဲ့ဘူးသူလည်း ဖြစ်သည်။
အဆိုပါ တပ်ရင်း-၃ ကျေးရွာသည် စစ်အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုနယ်မြေ အတွင်း ကျရောက်နေပြီး အိမ်ခြေတစ်ရာကျော်ခန့်ရှိရာ ဘုရားသုံးဆူမြို့တောင်ဘက် ဆင်ခြေဖုံးအနီး မြို့နှင့်နီးကပ် လျှက်တည်ရှိသည်။
ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဘုရားသုံးဆူမြို့ မြန်မာစစ်အာဏာပိုင်များက မွန်ပြည်သစ်ပါတီထံ တရားဝင်ဆွေးနွေး မေးမြန်းမှုများ မပြုလုပ်ရသေးသော်လည်း မြန်မာထောက်လှမ်းရေး အသိုင်းအဝိုင်းများကြားတွင် သတင်းအမှန် သိရှိနိုင်ရန် နယ်စပ်ကုန်သည်များနှင့် နယ်စပ်အစိုးရသတင်းပေးများ အပြင်းအထန် လိုက်လံစုံစမ်း မေးမြန်းနေကြ သည်ဟု ဘုရားသုံးဆူနယ်စပ် စစ်ဘက်လေ့လာသူများက ပြောဆိုနေကြသည်။