အုတ်စျေးများ မြင့်လာသော်လည်း အုတ်ဖုတ် လုပ်ငန်းရှင်များ တွက်ခြေမကိုက်

အုတ်စျေးများ မြင့်လာသော်လည်း အုတ်ဖုတ် လုပ်ငန်းရှင်များ တွက်ခြေမကိုက်
မိုးရာသီကာလရောက်ပြီးဖြစ်၍ အုတ်ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းရပြီး စျေးကွက်တွင် အုတ်စျေးနှုန်းမြင့်တက်လာသော်လည်း လုပ်ငန်းရှင်များအနေနှင့် တွက်ခြေမကိုက်သည့်အပြင် အရှုံးပေါ်နေကြောင်း သိရ ...

မော်လမြိုင်(မေ-၂၆)။      ။မိုးရာသီကာလရောက်ပြီးဖြစ်၍ အုတ်ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းရပြီး စျေးကွက်တွင် အုတ်စျေးနှုန်းမြင့်တက်လာသော်လည်း လုပ်ငန်းရှင်များအနေနှင့် တွက်ခြေမကိုက်သည့်အပြင် အရှုံးပေါ်နေကြောင်း သိရပါသည်။

မော်လမြိုင်မြို့ငန်းတေးရပ်ကွက်ရှိ အုတ်ဖုတ်လုပ်ငန်းရှင် နိုင်ကျော်စိုးဦးမှ အခုအုတ်ဖုတ်ဘို့ ထင်းတွေရှားလာတယ်၊ ပြီးတော့ စျေးလည်းကြီးတယ်၊ အလုပ်သမားခကလည်းမြင့်နေတော့ လုပ်ကိုင်ရတယ် အဆင်မပြေဘူး၊ ဒီနှစ်တော့ အရှုံးပေါ်တယ်” ဟု မိမိတို့သတင်းဌာနသို့ ပြောဆိုခဲ့ပါသည်။

ကျိုက်မရောမြို့နယ် တရာနာကျေးရွာမှ အုတ်ဖုတ်လုပ်ငန်းပိုင်ရှင်တစ်ဦးကမူ “စျေးနှုန်းတွေအရာရာမြင့်တက်နေပေမဲ့ အုတ်ကတော့ပုံမှန်စျေးဘဲ ရှိနေတယ်၊ ပြီးတော့ ဒီနှစ်မှာ အချိန်အခါမဟုတ်ဘဲ မိုးရွာတာများတော့ အုတ်တွေ ပျက်စီးတာများခဲ့တယ်”ဟု ပြောဆိုခဲ့သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်တချို့ဒေသများတွင် အုတ်ဖုတ်လုပ်ငန်းရှင်များအနေနှင့် အလုပ်သမားငှားရမ်းခစျေးမြင့်မှု၊ လောင်စာထင်းများ ရှားပါးလာပြီး စျေးမြင့်တက်မှုကြောင့် လုပ်ငန်းများ အရှုံးပေါ် နေပါသည်။  

စျေးကွက်အတွင်း၌ စက်အုတ်နှင့် လက်အုတ်ဟူ၍ နှစ်မျိုးရှိရာ လက်ဖြင့် ရိုက်သောအုတ်များမှာ လူကြိုက်များပြီး တစ်လုံးလျှင် ၆၅ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိပါသည်။ မိုးရာသီ မတိုင်ခင်က တစ်လုံးလျှင် ၅ဝ ကျပ် ရှိခဲ့ရာမှ ယ္ခုတွင်စျေးအနည်းငယ် မော့တက်လာသော်လည်း လုပ်ငန်းရှင်များ အရှုံးပေါ်လျှက်ရှိကြောင်း သိရှိရပါ သည်။