နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်း မကျေလည်သေး

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး DKBA တပ်ဖွဲ့အတွင်း မကျေလည်သေး
DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့အတွင်း စစ်အစိုးရအရှာရှိအချို့ ပါဝင် အင်အားဖြည့်ဆည်းကာ စစ်အစိုးရနယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြင်ဆင်မည့် အစီအစဉ်ကို DKBA ထိပ်ပိုင်း ခေါင်းဆောင်များ သဘောတူခဲ့ ...

မဲဆောက်(မေ-၁၈)။    ။ DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့အတွင်း စစ်အစိုးရအရှာရှိအချို့ ပါဝင် အင်အားဖြည့်ဆည်းကာ စစ်အစိုးရနယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြင်ဆင်မည့် အစီအစဉ်ကို DKBA ထိပ်ပိုင်း ခေါင်းဆောင်များ သဘောတူခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖေါ်ဆောင်ရန် လွယ်ကူမည်မဟုတ် ကြောင်း DKBA မှ အမည်မဖေါ်လိုသော ဗိုလ်ကြီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“လူကြီးတွေကတော့ ဒီတစ်သက်စားလို့မကုန် ချမ်းသာသွားတော့ လွယ်လွယ်နဲ့ ခေါင်းညိတ်ရမှာပေါ့၊ ငါတို့မှာတော့ ငါတို့တပ်ဖွဲ့ကို အမိန့်ပေးလို့ရမှာ မဟုတ်တော့ဘူး၊ ဗမာစစ်တပ်အမိန့်ပေးသလို လိုက်တိုက်ပေးရတော့မယ်၊ ငါတို့ တပည့်တွေကိုလည်း ဆက်ပြီးထိန်းထားနိုင်မှာ မဟုတ်ဘူး၊ သူတို့လည်း လွတ်လွတ်လပ်လပ် သွားလာနိုင်တော့ မဟုတ်ဘူးလေ” အဆိုပါအရာရှိက ယင်းကဲ့သို့ မှတ်ချက်ချ ပြောကြားခဲ့သည််။

ယင်းအရာရှိ၏အဆိုအရ စစ်အစိုးရ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး တင်မောင်ဝင်း ဦးစီးပြီး တပ်များမည်ကဲ့သို့ ပြင်ဆင်ဖွဲ့စည်းရမည့် ကိစ္စကို ယခုရက်ပိုင်းတွင် DKBA ခေါင်းဆောင်များနှင့် မြဝတီမြို့တွင် ဆွေးနွေးနေကြဆဲ ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တပ်မမှူးက တိုင်းရင်းသားတပ်ဖွဲ့တွေမှာ တပ်ဖွဲ့ဝင်တွေကသာ ဥပဒေဘောင်အတွင်းမှာ ရှိနေကြပြီး လက်နက်တွေက စည်းကမ်းတကျ မရှိသေးသဖြင့်  တိုင်းရင်းသားများ တပ်ဖွဲ့စည်းပုံကို ခေတ်မှီ

တပ်မတော်အဆင့် တိုးမြင့်နိုင်ရေးအတွက် အစိုးရတပ်က ပါဝင်ကူညီခြင်း ဖြစ်သည်ဟု ၄င်းတို့ကို ပြောဆိုခဲ့ကြောင်း အဆိုပါ DKBA အရာရှိက ပြောပါသည်။

လက်ရှိ DKBA တွင် အင်အား ၃ဝဝဝ ခန့်ရှိသည်ဟုဆိုရာတွင် တပ်ဖွဲ့အမည်ခံ စီးပွားရေးသမားများ အများအပြား ရှိနေသည်ဟုလည်း အထက်ပါဗိုလ်ကြီးက ဆက်လက်ပြောကြားသည်။

ကရင်လက်နက်ကိုင် KPF ဟောင်သရောတပ်ဖွဲ့ကိုလည်း BGF နယ်ခြားတပ်ဖွဲ့သို့ ယခုပြောင်းလဲ ဖွဲ့စည်းနေစဉ်တွင် တပ်ရင်း ၃ ရင်းအတွက် အင်းအား ၁ဝဝဝ ဝန်းကျင် လိုအပ်နေသည်ဖြစ်ရာ အင်အားဖြည့်ဆည်းနိုင်ရန် လက်တွေ့ တွင် မလွယ်ကူနိုင်သေးကြောင်း KPF နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရှိရပါသည်။

သို့ရာတွင် အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီအနေဖြင့် စစ်အစိုးရ အတင်းရေးဆွဲအတည်ပြုခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အများဆန္ဒနှင့်အညီ ပြန်လည်ပြင်ဆင်မရေးသားလျှင် မွန်ပြည်သစ်ပါတီမှ လက်မခံကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း အတိအလင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သည့် မေလ (၈) ရက်နေ့၌ မွန်ပြည်သစ်ပါတီဗဟို အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် DVB ရေဒီယို ဆက်သွယ်မေးမြန်းခန်းတစ်ရပ်တွင် နိုင်ဟံသာက စစ်အစိုးရနှင့်သဘောတူညီမှုရယူခဲ့စဉ်က ဤနယ်ခြားစောင့် တပ်ဖွဲ့ကိစ္စ မပါဝင်ခဲ့သဖြင့် မိမိတို့ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲမည်မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနှံ့ နယ်စပ်ဒေသရှိ အပစ်ရပ်ငြိမ်းတပ်ဖွဲ့များ၊ လက်နက်ချတိုင်းရင်းသား တပ်ဖွဲ့အသီးသီးကို စစ်အစိုးရ အရာရှိအချို့ပါဝင်မည့် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလည်းဖွဲ့စည်းရန် စစ်အစိုးရမှ ဆက်လက် အတင်းဖိအား ပေးလျက် ရှိသည်။

Most read this week