ဘုရားသုံးဆူ(မေ-၁၃)။ ။မြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမြို့တွင် မယကဥက္ကဌ ဦးမျိုးကြည် မြို့ခံသစ်လုပ်ငန်း ပိုင်ရှင်များအား ယနေ့တွင် ညွှန်ကြားလိုက်ကြောင်း သစ်လုပ်ငန်းပိုင်ရှင်တစ်ဦးက ကောင်းဝါသတင်းသို့ ပြောကြား ခဲ့သည်။
“တပ်ရင်းမှူး၊ မယက ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့သစ်လုပ်ငန်းရှင်တွေကို ဒီနေ့မနက် ခေါ်တွေ့တဲ့အစည်းအဝေးမှာ မယကဥက္ကဌက ကျနော်တို့ကို သစ်လုပ်ငန်းရှင်တွေ ကိုယ်စားရိတ်နဲ့ ကိုယ်စိုက်ထုတ်ပြီး ဒီလမ်းကိုလုပ်ကြရမယ်လို့ ပြောလိုက်တာပါပဲ” ဟု အမည်မဖော်လိုတဲ့ သစ်လုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
လမ်းဖြစ်မြောက်ရေးကော်မတီကို မယကဥက္ကဌက သစ်လုပ်ငန်းရှင်များ ၂၅ ဦးခန့်မှ ဥက္ကဌအဖြစ် ဦးဖိုးထူး၊
အတွင်းရေးမှူး ဦးမောင်ဇော်တို့ကို ရွေးချယ်တာဝန်ပေးခဲ့သည်။
အဆိုပါလမ်းမှာ ဘုရားသုံးဆူမြို့ (၄) ရက်ကွက်ရှိ ဆေးရုံရှေ့သွားသည့်လမ်းဟု သိရပြီး အရှည် (၂) ဖာလုံခန့် ရှိသည်ဟု ဆိုပါသည်။
ယမန်နေ့တွင်လည်း မြို့ပေါ်ရှိ မော်တော်ယာဉ် ပိုင်ရှင်အားလုံးကို အာဏာပိုင်များက ခေါ်ယူတွေ့ဆုံခဲ့ပြီးဘုရားသုံးဆူ မြို့ထွက် ဂိတ်ပေါင်းစုံမှ ရွာသစ်အထိ လက်ရှိမြေနီလမ်းကို မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ကြရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။ကုန်ကျစရတ်တို့ကို အာဏာပိုင်များ လုံးဝ တာဝန်မယူပါ။
ဘုရားသုံးဆူမြို့သည် နယ်စပ်ကုန်သွယ်မှု၌ လောလောဆယ်တွင် လုပ်ငန်းများ မတွင်ကျယ်တော့ပေ။ အပစ်ရပ်၊ လက်နက်ချအဖွဲ့ အများအပြားရှိနေသဖြင့် အခွန်အမျိုးမျိုးကို ပေးနေကြရသည်။
အပစ်ရပ်မွန်ပြည်သစ်ပါတီ NMSP၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာအစည်းအရုံးDKBA၊ ကရင်ငြိမ်းချမ်းရေး KPF ခေါ် BGF စောလေးဝါး ဟောင်သရောအဖွဲ့၊ ကရင်ခွဲထွက် ဗိုလ်ချုပ်ထိန်မောင်၏ KNLA/PC အဖွဲ့နှင့် လုံးဝအပစ်မရပ် သေးရသည့် KNUတပ်မဟာ (၆) ဒေသလည်းဖြစ်သည်။
ဘုရားသုံးဆူမြို့တွင် မြန်မာစစ်အစိုးရတပ် ခလရ (၃၂) တပ်ရင်း စခန်းချလျှက်ရှိသည်။