KNU ဗိုလ်ချူပ်ကြီးမြ၏သား စောနေစိုးမြ ခေါ် စောတေးလေးနှင့် တပ်ဖွဲ့ဝင်စုစု ပေါင်း ရ၈ ဦး၊ မိသားစုဝင် ၁၂၀ ကျော်ခန့် လက်နက်ကြီးငယ် ၂၅ လက်နှင့် အတူ နအဖထံဝင်ရောက်လာခြင်း အခမ်းနားကြိုဆိုပွဲတစ်ရပ်ကို လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့က မြဝတီမြို့၌ ပြုလုပ်ခဲ့ကြောင်း နယ်ခြား စစ်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။
မြဝတီမြို့ အမှတ် (၁၇) ဂိတ်လမ်းကြောင်းမှ အဆိုပါ နေစိုးမြနှင့်အဖွဲ့များ ယမန်နေ့နံနက်ပိုင်းတွင် စစ်ဝတ်စုံ၊ လက်နက်များဖြင့် တန်းစီဝင်ရောက်လာရာ ကော့ကရိတ်အခြေစိုက် နအဖ၊ စကခ (၁၂) မှ ဗိုလ်မှူးချူပ်နေလင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ စရဖ G-1 ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်တို့က ဒေသခံဌာနဆိုင်ရာ အဖွဲ့အစည်းအချို့နှင့် အတူ ပန်းကုံးစွပ် ကြိုဆိုခဲ့ကြသည်ဟု ဆိုပါသည်။
အဆိုပါလက်နက်များတွင် M-79၊ 60 mm မော်တာ၊ RPG-No.7၊ စက်လတ် လက်နက်များ တစ်လက်စီ ပါဝင်ခဲ့ပြီး ကျန်လက်နက်ငယ်များမှာ AK-47၊ M-16၊ မောင်းပြန်ရိုင်ဖယ်များ ဖြစ်သည်။
စောနေစိုးမြသည် ဗိုလ်ချူပ်ထိန်မောင် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။
ဗိုလ်ချူပ်ထိန်မောင်သည် ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က KNU မှခွဲထွက်ကာ KNU-KNLA/PC အမည်ဖြစ် စစ်အစိုးရနဲ့ငြိမ်းချမ်းရေးပြုလုပ်ခဲ့ပြီး KNU ကိုဆန့်ကျင်တိုက်ခိုက်နေသော ကရင်ငြိမ်းချမ်းရေး လက်နက်ကိုင်တပ်ဖွဲ့များ အနက် တဖွဲ့ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ စောသမူဟဲ၏ ဟောင်သယောအဖွဲ့တို့သည် KNU မှခွဲထွက်လာကြပြီး စစ်အစိုးရတပ်ဖွဲ့များနည်းတူ KNU တပ်များကို တိုက်ခိုက်နေ သည့် အဖွဲ့များဖြစ်သည်။
စောနေစိုးမြတို့အဖွဲ့မှာ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ အမှတ်- ၂၀၂ တပ်ရင်းအမည်ဖြင့် ဖလူးဒေသ (ထိုင်းနယ်စပ်) နှင့်အခြားတစ်နေရာတွင် အခြေပြုလှုပ်ရှားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်ထိမ်မောင်အဖွဲ့သည် စစ်အစိုးရအစီအမံနှင့် ဘုရားသုံးဆူဒေသတဝိုက်တွင် နယ်ခြားကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့အသွင်စခန်းချရန် ယခုအခါ စိုင်းပြင်းလျှက်ရှိပြီး မကြာမီတွင် ရတခမှ လက်နက် ၂၀ လက်ခန့်တပ်ဆင်ပေးလိမ့်မည်ဟု ငြိမ်းတပ်ဖွဲ့များကြားတွင် ပြောဆိုနေကြသည်။
လတ်တလောရပ်တည်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ဝင်ထွက်ဂိတ် (ဌာနပေါင်းစုံ အထူးစစ်ဆေးရေးဂိတ်)တွင် ဗိုလ်ချုပ်ထိန်မောင် တပ်ဖွဲ့ဝင်အချို့ထားရှိကာ ဂိတ်ဝင်ကြေးဝေစုတစ်စု စစ်အစိုးရက ခွဲဝေပေးသည်။ စောနေစိုးမြ၏ တပ်ဖွဲ့ဝင်များ ရပ်တည်နိုင်ရေးအတွက်ကိုလည်း ရတခတိုင်းမှူးကိုယ်စား ယမန်နေ့က ငွေကျပ်သိန်းငါးဆယ် (၅၀-သိန်း) ပေးအပ်ခဲ့သည်ဟု သိရသည်။
နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိ်မ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။
လွန်ခဲ့သည့် ၂၀၀၈ ခု၊ ဒီဇင်ဘာ ၁၃ ရက်နေ့က ဘန်ကောက်မြန်မာသံရုံး လေယာဉ်အစီအစဉ်ဖြင့် နေပြည်တော်သို့ သွားရောက်ကာ ဗိုလ်ချုပ်ရဲမြင့်၊ ကကကြည်းမှတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့ကြ သည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံခဲ့မှုအပေါ် KNU ခေါင်းဆောင်များက စောနေစိုးမြကို ပြင်းထန်စွာ သတိပေးခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် စောနေစိုးမြက နှုတ်ထွက်စာတင်ခဲ့ပြီး KNU က အပြီးအပိုင် နှုတ်ထွက်ခွင့် ပြုခဲ့သည်။