တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြေးခံဘော် ကျေးရွာအုပ်စု၊ ညောင်တုံးကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲတခုပြုလုပ် ရန်အတွက် ဒေသခံ ခရစ်ယာန်ဘာသာရေးဆိုင် ရာ အသင်းအုပ်ဆရာများမှ လွန်ခဲ့သည့် မတ်လ (၇)ရက်နေ့တွင် မေတ္တာမြို့အခြေစိုက် ရှေ့တန်း စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်နှင့် သွားရောက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်ခွင့်ပြုပေးရန် တင်ပြခဲ့ကြရာ နယ်မြေတည်ငြိမ်မှု မရှိသေးဟု အကြောင်းပြကာ ပယ်ချခဲ့သည်ဟု မကြာသေးခင်က ထိုင်းနယ်စပ် သို့ ရောက်ရှိလာကြသော ဒေသခံများပြောပြချက် အရ သိရပါသည်။
“နောက်ထပ်ဘာသာရေးကိစ္စနဲ့ ပတ်သက်လို့လာရောက်တင်ပြခြင်းမျိုး မပြုလုပ်ကြရန်နဲ့ တင်ပြလာခဲ့ရင်လည်း ခွင့်ပြု မည်မဟုတ်ဘူး” အသင်းအုပ်ဆရာများကို သတိပေးပြောဆို၍ ပြန်ခိုင်းခဲ့ပါသည်။
မြေးခံဘော်ကျေးရွာအုပ်စု ဒေသတဝိုက်တွင် ရှေ့တန်း-ခလရ (၂၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ်ကြောင်းအင်အား(၇ဝ)ဦးခန့် မြေးခံဘော်ကျေးရွာနှင့် ညောင်တုံးကျေးရွာတို့တွင် တပ်ဖြန့်လှုပ်ရှားလျှက်ရှိသည်။
ဒေသခံများကိုဂမုံးသွယ်ချောင်း အရှေ့ဘက်ကမ်းသို့ လုံးဝမသွားကြရန် အမိန့်ထုတ်ထားသည်။ ခွင့်ပြုချက်မရဘဲ ရွာပြင် ထွက်လျှင် အသေပစ်သတ်မည်ဟု ခလရ (၂၅) တပ်ရင်းမှူးက ခြိမ်းခြောက်သတိပေးထားသည်။
ဤဒေသခံများသည် တောင်ယာအလုပ်ကိုသာ အဓိကထားလုပ်ကိုင်နေရသဖြင့် နအဖတပ်များက နယ်မြေအတွင်း မတည်ငြိမ်မှုများ ရှိနေသည်ကို အကြောင်းပြပြီး ဂမုံးသွယ်ချောင်းအရှေ့ဘက်ကမ်းဘက် ယခင်မိမိတို့လယ်ယာမြေ ဟောင်းများတွင် တောင်ယာလုပ်ကိုင်ခွင့် မပြုဘဲပိတ်ပင်ထားလိုက်မှုကြောင့် လာမည့်နှစ်အတွက်ဝမ်းစပါး အခက်အခဲ များနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသည်ဟုလည်း အဆိုပါဒေသခံများက စိုးရိမ်ကြသည်။
ဤကျေးရွာပတ်ဝန်းကျင်၌ KNU တပ်များဖြတ်သန်းသွားလာတတ်သည့် လမ်းကြောင်းများကို နအဖတပ်ဖွဲ့များက နေရာအနှံ့ လိုက်လံမိုင်းထေါင်ထားသဖြင့် နေ့စဉ်လိုလို မိုင်းပေါက်ကွဲသံများကြားနေရသည်။ ဒေသခံများသည်လည်း ရွာပြင်မထွက်ရဲကြပါ။
၂ဝဝ၉ခုနှစ် ဇန်နာဝါရီလမှစ၍ မတ်လအတွင်း KNU နှင့် နအဖတပ်တို့ မြေးခံဘော်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲ(၄)ကြိမ်သာဖြစ်ပွားခဲ့သော်လည်း ရှေ့တန်း-စဗဟ(၂)မှူး ကွပ်ကဲမှုအောက်တပ်ဖွဲ့များတွင် KNUနှင့် (၁၅) ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပါသည်။
“ရွာသားတွေက တပ်တွေကို ရန်သူ့သတင်းပို့တာ တာဝန်မကျေပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ထပ်ခင်ဗျားတို့ ရွာတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေအုံးမယ်ဆိုရင် ခင်ဗျားတို့ ရွာအားလုံးကို တရွာမကျန်ပြောင်းပစ်မယ်” ရှေ့တန်း-စဗဟ(၂) မှူးက အသင်းအုပ်ဆရာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုလည်း ဆိုပါသည်။
နယ်မြေအတွင်း နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်အစိုးရဘက်က အထိနာလာပြီးဆိုလျှင် ဒေသခံများကို အပစ်ပုံချ၍ နည်းမျိုးစုံဖြင့်ဖိနှိပ်အနိုင်ကျင့်ကြသည်။
ဤဒေသသည် ၁၉၉၇ ခုနှစ်က ထိုင်း-မြန်မာစစ်အစိုးရတို့ စတင်ဖေါက်လုပ်ခဲ့သော ကန်ချနပူရီ-ထားဝယ် အာရှအဝေး ပြေးမော်တော်ကားလမ်းမကြီး စီမံကိန်းကြီးကြောင့် စစ်အစိုးရတပ်ဖွဲ့များက ရွာငယ်ပေါင်း (၁၇) ရွာကိုဖျက်ဆီးခဲ့ပြီး ရွာ(၁ဝ) ရွာကို ဤမြေးခံဘော်ကျေးရွာအုပ်စုအတွင်းသို့ အတင်းပြောင်းရွေ့ခဲ့သည်။
ထိုင်းနယ်စပ်ဒုက္ခသည်စခန်းများတွင် အဆိုပါဒေသခံများ အများအပြားခိုလှုံရောက်ရှိနေပြီး အချို့မှာ တတိယနိုင်ငံသို့ ရောက်ရှိနေထိုင်နေကြပြီဖြစ်သည်။
အဆိုပါ အာရှအဝေးပြေးကားလမ်းသည် ထိုင်းဖက်တွင်ပြီးစီးသော်လည်း မြန်မာဖက်တွင်လုံခြုံရေး အကြောင်းပြချက် များကြောင့်(၁ဝ)မိုင်ခန့် မြေနီလမ်းကြမ်းငယ်သာ ရွာသားများလုပ်အားကို အတင်းအဓ္ဓမစေခိုင်းပြီး အကောင်အထည် ဖော်ခဲ့သည်။
ဤဒေသသည် KNU တပ်မဟာ ၄ လှုပ်ရှားရာဒေသဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးမကောင်းမွန်သဖြင့် စစ်အစိုးရတပ်ဖွဲ့ ဝင်များအတွက် အလွန်အန္တရယ်များသောဒေသတခု ဖြစ်နေသည်။