မတ်လ (၁၉) ရက် ယနေ့တွင်အသက် (၈၆) နှစ်ပြည့်မြောက်သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဒု-ဥက္ကဌ နိုင် ငွေသိမ်း၏ မွေးနေ့ပွဲကို ကျင်းပမည်ဖြစ်ကြောင်း MNDF အထွေထွေအတွင်းရေမှူး ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် မွန် ပြည်နယ်၊ ရေးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက နိုင်ငံ တကာရှိ မွန်အဖွဲ့အစည်း အသီးသီးနှင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များထံ ပေးပို့သောပန်ကြားချက်စာအရသိရှိရပါသည်။
ဤမွေးနေ့ပွဲကို MNDF မှ ကမကထပြုလုပ်ကာ အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်အမျိုးသားများပိုင် မွန်ဓမ္မာရုံတွင် ကျင်းပမည်ဟု ဖော်ပြထားသော်လည်း အသေးစိတ်အစီအစဉ်ကိုမသိရှိရသေးပေ။
အလားတူ အသက်အရွယ်ကြီးရင့်ပြီး ဝါရင့်မွန်နိုင်ငံရေးသမားများ ဖြစ်ကြသည့် နိုင်ထွန်းသိန်း (၉၂) နှစ်၊ နိုင်သိမ်းမောင် (၈၉) နှစ်တို့ကိုလည်း MNDF မှ နှစ်စဉ် မွေးနေ့ဂါဝရပြုပွဲများ ဦးဆောင်ကျင်းပပေးခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ မွန်မျိုး ချစ်ပုဂ္ဂိုလ်များ၊ မွန်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်လေ့ရှိသည်။
နိုင်ငွေသိမ်းကို (၁၉၂၃) ခု၊ မတ်လ (၁၉) ရက်နေ့တွင် ဖခင်နိုင်သာဒွန်း၊ မိခင် မိငွေသုန်တို့မှ ဖားအံမြို့နယ်၊ ထုံးအိုင် ကျေးရွာတွင် မွေးဖွားခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)အဖွဲ့ဝင်၊ အာရှလူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာမွန်ရေးရာ အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး (၁၉၄၈) အထိ၊ မွန်လူငယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့ သော ပြည့်သူရဲဘော်တပ်ဖွဲ့တွင် ဝါဒဖြန့်ချိရေးတာဝန်ခံ၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲ တပ်ဖွဲ့၏ တာ ဝန်ခံ (၁၉၅၂)၊ မွန်ပြည်သူတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ UNLD အမြဲတမ်း သဘာပတိ အဖွဲ့ဝင်၊ မွန်အမျိုး သား ဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌအဖြစ်ဘဝတလျှေက်လုံးတွင် နိုင်ငံရေးလောက၌သာ ကျင်လည်ခဲ့သည်။
၁၉၄၈၊ ဇူလိုင်လတွင် နိုင်ရွှေကျင်(ကွယ်လွန် - မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း) နှင့်အတူ မော်လမြိုင်ထောင်၊ (၁၉၆၃) နိုဝင်ဘာလတွင် အင်းစိန်ထောင်နှင့် နေအိမ်အကျယ်ချုပ် နှစ်နှစ်ခန့်ကြာ၊ ၁၉၉၁- နိုဝင်ဘလတွင် မော်လမြိုင်ထောင်၌ နိုင်ထွန်းသိန်း (မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌ)၊ နိုင်ဗလတို့နှင့်အတူ(၃)နှစ်ခန့်၊ ၁၉၉၈ တွင် ဒေါက်တာ မင်းစိုးလင်း (မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး) ဒေါက်တာမင်းကြည်ဝင်း (တွဲဖက်အတွင်းရေးမှူး မွန်အမျိုး သားဒီမိုကရေစီအဖွဲ့) တို့နှင့်အတူ မော်လမြိုင်ထောင်တွင်(၇)နှစ်ခန့် ကျခံခဲ့ဘူးသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က နော်ဝေးနိုင်ငံရောက် မြန်မာဒီမိုကရေစီလှုပ်ရှားသူများက မြန်မာ နိုင်ငံတိုင်း ရင်းသားခေါင်းဆောင် (၅) ဦးအား ချီးမြှင့်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုတွင် နိုင်ငွေသိမ်းလည်းတစ်ဦးအပါအဝင်ဖြစ်သည်။
ယ္ခုမတ်လ ၁၂ ရက်နေ့မှစပြီး နိုင်ငွေသိမ်း ကမကထပြုလုပ်ကာ မွန်လူငယ်များ အင်္ဂလိပ်စာပိုမိုတတ်ကျွမ်းစေရေးအတွက် (၆) လတာ အင်္ဂလိပ်စာသင်တန်း Internship Course ကိုတာဝန်ယူပြီး သင်ကြားပေးလျှက်ရှိသည်။ ၁ဝ တန်းအောင် မွန်ကျောင်းသားကျောင်းသူ (၁၈) ဦးကို စခန်းသွင်း သင်ကြားပေးကြောင်း ဝင်ခွင့်ဖြေဆိုခဲ့သူ ကျောင်းသားတစ်ဦးက ပြောသည်။ အဆိုပါသင်တန်းတွင် သင်ကြားရေး၊ နေထိုင်စားသောက်ရေး ကိစ္စအဝဝကို နိုင်ငွေသိမ်းနှင့်သူ၏ရောင်းရင်းများ၊ မျိုးချစ်တပည့်သားများကငွေကြေးစိုက်ထုတ်ကာ အခမဲ့သင်ပေးခြင် ဖြစ်သလို အဝေးရောက်မွန်အမျိုးသား
များအနေဖြင့် အကူအညီများပေးလိုပါက [email protected] နှင့် ဖုန်းနံပါတ် +95 57 27844 မွန်ဆေးကုခန်း၊ ၆၉၅- A ၊ အောက်လမ်းမကြီး၊ မောင်ငံအလယ်တန်းရပ်၊ မော်လမြိုင်မြို့ကို ဆက်သွယ်နိုင်ကြောင်း ဒေါက်တာမင်းစိုးလင်းက ပန်ကြားခဲ့ပါသည်။