မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတဝိုက် ကျေးရွာများတွင် ပနန်းဗုင်ရွာကို အခြေပြုကာ လွန်ခဲ့သော ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ စစ်အစိုးရ လဝက ဌာနက နိုင်ငံသားစိစစ်ရေး ကဒ်ပြားအသစ်များကို ပြုလုပ်ပေးခဲ့ကြောင်း NMSPဌာနချုပ်မှ တာဝန်ရှိသူတဦးက ပြောပါသည်။
မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် အခြေစိုက်ရာ ရေးချောင်းဖျားဒေသကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့်(စရဖ)အဖွဲ့ တို့လာရောက်ပြီး နိုင်ငံသားစီစစ်ရေး ကဒ်များပြုလုပ်ပေးခဲ့သည်။ ပနမ်းဘုံရွာ၊ ဂျော်ခပြုရွာနှင့် သုဝဏ္ဏဘုံမိရွာ၊ ပစားရွာရှိ ရွာသားများနှင့် ပါတီရဲဘော်တချို့ အပါအဝင် လူ(၄၀၀၀)ကျော်ကို စီစစ်ရေးကဒ်ပြား ပြုလုပ်ပေးခဲ့သည်။ တဦးလျှုင် ကျပ်ငွေ(၂၅၀၀)ကုန်ုကျပြီး ယခုမတ်လ ပထမအပါတ်တွင် ပြုလုပ်ပြီးစီးခဲ့သည်။ အခြားတပ်တည်စခန်း ချရာ ချဲ့တိုက်ရွာ၊ ဂနီရွာနှင့် ဖလန်းရွာတို့မှာ စီစစ်ရေးကဒ်များ ဆက်လက်ပြုလုပ်နေသည်။
နိုင်ငံခြားစိစစ်ရေးကဒ်ပြားကို ရရှိသွားသော ဂျော်ခပြုရွာသား နိုင်အရော့က “မှတ်ပုံတင်ရတော့ သွားလာရေး အဆင်ပြေတာပေါ့ အရင်မှတ်ပုံတင်မရှိတုန်းကဆိုရင် ရေးမြို့တက်တဲ့အခါ တံတားဖြူဂိတ်စောင့်တို့က အရမ်းရစ် တာဘဲဗျာ၊ အမြဲတမ်းငွေပေးနေရတယ်၊ ကုန်သည်တွေဆိုရင် ပိုဆိုးတာပေါ့” ဟု မိမိတို့ သတင်းဌာနကို ပြောပြခဲ့ပါသည်။
၂၀၀၃ ခုနှစ် ဝန်းကျင်ခန့်တွင် မွန်ပြည်သစ်ပါတီသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၅)ထောက် လှမ်းရေးတပ်ဖွဲ့ကို ရေးချောင်းဖျားမှာ အခြေချသည့် ကျေးရွာသားများအတွက် မှတ်ပုံတင်လုပ်ပေးရန် တင်ပြ တောင်းဆိုခဲ့ဖူးသည်။ အဆိုပါရွာသားများ မှတ်ပုံတင် ကဒ်ပြားမရှိသည့်အတွက် ခရီးသွားလာရေး အခက်အခဲများ စွာ တွေ့ကြုံနေကြရပါသည်။ ထိုစဉ်က ပါတီဝင်များနှင့် ရွာသား(၃၀၀)ခန့်သာ နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်နိုင်ခဲ့ သည်။
ပြီးခဲ့သည့်နှစ် မေလ ပြည်သူဆန္ဒခံယူပွဲ မတိုင်ခင်တွင်လည်း ယာယီမှတ်ပုံတင်ကဒ်များ ထုတ်ပေးခဲ့ဖူးသည်။ ယခုခဲ့သို့နယ်ဖျားဒေသအထိ မှတ်ပုံတင်လာလုပ်ပေးခြင်း ရည်ရွယ်ချက်မှာ နောင်လာမည့်(၂၀၁၀)ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။
ယ္ခုနိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ခဲ့သော ပနန်းဗုင်ရွာသည်(၂၀၀၈)ခုနှစ် အခြေခံဥပဒေ ထောက်ခံပွဲမဲများ ထည့်နိုင်ရေးအတွက် ယခင်က ယာယီအသိမှတ်ပြု ကဒ်ပြားများ ထုတ်ပေးခဲ့ရာ မဲဆန္ဒပေးနိုင်ခွင့်ရှိသူ(၄၀၀၀) ကျော်အနက် ထောက်ခံမဲ(၂၇)မဲသာ ရခဲ့သဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးက မည်သို့ကြောင့် ယ္ခုကဲ့သို့ ထောက်ခံမဲ အနည်းငယ်သာရရှိရသည်ကို သက်ဆိုင်ရာ အောက်ခြေမဲရုံမှူးများအား ထုချေလွှာတောင်းဆိုခဲ့ဘူးသည်။