တရားမဝင်နည်းဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများ မော်တော်ကားတိမ်းမှောက် ဒဏ်ရာများ ရရှိ

တရားမဝင်နည်းဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများ မော်တော်ကားတိမ်းမှောက် ဒဏ်ရာများ ရရှိ
ယမန်နေ့ည ထိုင်းနိုင်ငံဒေသစံတော်ချိန် ည(၈) နာရီခွဲခန့်တွင် ကန်ချနပူရီခရိုင်၊ စံခလပူရီ မြို့နှင့် ထွန်ဖါဖွန်မြို့ကြား၊ ထီးခလုံးရွာတွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ (၁၉) ဦးကို တင်ဆောင်လာသည့် မော်တော်ကား တိမ်းမှောက်ခဲ့၍ အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း စံခလပူရီဆေးရုံမှ ...

ယမန်နေ့ည ထိုင်းနိုင်ငံဒေသစံတော်ချိန် ည(၈) နာရီခွဲခန့်တွင် ကန်ချနပူရီခရိုင်၊ စံခလပူရီ မြို့နှင့် ထွန်ဖါဖွန်မြို့ကြား၊ ထီးခလုံးရွာတွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ (၁၉) ဦးကို တင်ဆောင်လာသည့် မော်တော်ကား တိမ်းမှောက်ခဲ့၍ အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း စံခလပူရီဆေးရုံမှ ဆေးဝန်ထမ်းတဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

သေဆုံးသူမရှိသော်လည်း အားလုံးအသီးသီး ပွန်းပဲ့ ဒဏ်ရာများရရှိကာ ကျား (၁၄) ဦး၊ မ (၃) ဦးနှင့် ခလေးတစ်ဦးပါဝင်သည်။ စံခလပူရီမြို့ဆေးရုံသို့ ထိုင်းနယ်ခြားစောင့်ရဲများ အစီအစဉ်ဖြင့် ချက်ချင်းသယ်ဆောင်၍ ဆေးကုပေးခဲ့သည်။ နှစ်ဦးမှာ လက်ကျိုး၍ ကျောက်ပတ်တီးစည်းရသည်။ ယာဉ်မောင်း ထွက်ပြေးလွတ်မြောက်သွားပြီး အဆိုပါကားမှာ ယာဉ်အမှတ်--/၉၉၃၅၊ ဘန်ကောက်လိုင်စင်ဖြစ်သည်။ ယမန်နေ့ ညနေပိုင်းက စံခလပူရီမြို့ဒေသတဝိုက်တွင် မိုးသက်လေပြင်းများ ကျရောက်သဖြင့် ဤလမ်းမကြီးအလယ်တွင် သစ်ပင်ပြိုလဲနေသည်ကို ဂရုမပြုမိ၍ အရှိန်မသတ်နိုင်ပဲ ဝင်တိုက်မိခြင်းဖြစ်သည်။ စံခလပူရီမြို့သည်လည်း တစ်နေ့လုံးလိုလို အင်တာနက်များ ပြတ်တောက်နေပြီး ညပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်နေပြန်သည်။

ယခု ဒဏ်ရာနှင့် ဖမ်းဆီးမိသူ မြန်မာနိုင်ငံသား  (၁၉) ဦးကို ဆေးရုံမှဆင်းစေပြီး ယနေ့နံနက်ပိုင်းတွင် ထိုင်းရဲများက ဘုရားသုံးဆူ(ထိုင်းနိုင်ငံဘက်ခြမ်း) နယ်စပ်သို့ သွားရောက်ပို့ဆောင်ခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ထိုင်းမြန်မာ(ဘုရားသုံးဆူ) တရားဝင်ဂိတ်ကို မြန်မာတို့ပိတ်လိုက်သဖြင့် ဤကဲ့သို့ တရားမဝင် လာရောက်သူများကို ဖမ်းမိလျှင် ထိုင်းလူဝင်မူရဲအနေဖြင့် မြန်မာတို့ထံ တရားဝင်အပ်နှံခွင့် မရှိတော့ချေ။ သို့သော်လည်း နယ်ခြားမှတ်တိုင်နှင့် အကာအရံ အတားအဆီးများ တနိုင်ငံနှင့်တနိုင်ငံ တိတိကျကျသတ်မှတ်ထားခြင်း မရှိသဖြင့် ရာဘာခြံများစွာတို့တွင် တဖက်နှင့်တဖက် အလွယ်တကူ ဖြတ်သန်းဝင်ရောက်နိုင်ကြသည်။
 
အဆိုပါ မော်တော်ကား မမှောက်မီ နာရီဝက်ခန့်တွင်လည်း ဤထီးခလုံးရွာ တောစပ်တစ်နေရာ၌ မြန်မာနိုင်ငံသား (၄၀) ဦးခန့်ကို ထိုင်းနယ်ခြားစောင့်ရဲများ ဖမ်းဆီးမိခဲ့သည်။ အများစုမှာ ဒေသအသီးသီးက မွန်လူမျိုးများဖြစ်ကြသည်။ ဤထီးခလုံးရွာသည် တရားမဝင် ဝင်ရောက်သူများ လမ်းခုလတ် ခေတ္တနားခိုလှုံရာ နေရာဖြစ်သည်။ ယ္ခုတစ်လောတွင် စံခလပူရီမြိုနယ်တွင်း၌ ထိုင်းနို်င်ငံသို့ လူပွဲစားများအစီအစဉ်ဖြင့် ဝင်ရောက်ကြရာတွင် မကြာခဏ အဖမ်းအဆီးခံကြရသော်လည်း ပွဲစားများကိုမူ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိသေးပါ။
                     
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ (၁၈)နေ့တွင်လည်း အဆိုပါ ထီးခလုံးရွာအနီး၌ ရ ဦး (ရေးမြို့နယ်၊ ဒူယာကျေးရွာဇာတိ) ၊ ဖေဖေါ်ဝါရီလ၊ ၁၆၊ ရက်နေ့၌ ၆၅ ဦး(စံခလပူရီမြို့ဝင်လမ်းသုံးခွဂိတ်) တို့တွင်လည်း ဖမ်းဆီးမိခဲ့ပြီး တစ်ရက်ခန့် ချုပ်နှောင်ကာ ဘုရားသုံးဆူ(ထိုင်းဖက်ခြမ်း) သို့ ပို့ဆောင်ခဲ့သည်။ စံခလပူရီ၌ ဖမ်းဆီးမိသူများကို အများအားဖြင့် တစ်ရက်ခန့်သာ ထိုင်းရဲများ
ချုပ်နှောင်လေ့ရှိပြီး ဒဏ်ငွေမဆောင်စေပဲ ယခုကဲ့သို့ နယ်စပ်ကို ပြန်လည်ပို့ဆောင် ပေးလေ့ရှိသည်။
                     
စံခလပူရီဒေသသို့ မြန်မာနိုင်ငံမှ ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများတွင် ယ္ခုနှစ်ဆန်းပိုင်းမှစ၍ လုံခြံုရေးစိစစ်မှုများ ပိုမိုတိုးမြှင့်ချထားခဲ့သည်။ တရားမဝင်ရောက်လာသူများ၊ လက်နက်၊ မူးယစ်ဆေးဝါး၊ သစ်၊ ဆန်နှင့် မြန်မာကုန်ထွက်များကို ပိုမိုတားမြစ်လာသည်။ အကြောင်းမှာ ထိုင်းစီးပွားရေးကျဆင်းနေမူကြောင့် မြန်မာကုန်များ မဝင်လာနိုင်စေရန်တားဆီးခြင်း ဖြစ်သည်ဟု နယ်စပ် ကုန်သည်ကြီးများက ဆိုသည်။