စစ်တပ်ထဲ သိမ်းသွင်းခံရသော ကယားပြည်နယ်သားနှစ်ဦး တစ်ဦးပျောက်ဆုံး၊ တစ်ဦးလွှတ်မြောက်

စစ်တပ်ထဲ သိမ်းသွင်းခံရသော ကယားပြည်နယ်သားနှစ်ဦး တစ်ဦးပျောက်ဆုံး၊ တစ်ဦးလွှတ်မြောက်
by -
ကန္တာရဝတီတိုင်းမ်

ရန်ကုန်မြို့သို့ ဇန်နဝါရီလ အစောပိုင်းက အလုပ်လုပ်ရန်သွားခဲ့သည့် ကယားပြည်နယ်သား နှစ်ဦးသည် အမည်မသိ အမျိုးသားတစ်ဦးမှ သွေးဆောင်ဖြားယောင်း၍ စစ်တပ်ထဲသို့ အဓမ္မသိမ်းသွင်းခံခဲ့ကြရာမှ တစ်ဦး ထွက်ပြေးလွှတ်မြောက်လာခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု ထွက်ပြေးလွှတ်မြောက်လာသူ ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက်မှ ဦးထွန်းရယ်က ပြောသည်။

အသက် (၁၇)နှစ် မောင်ဗျားရယ် နှင့် အသက် (၃၀)နှစ် ဦးထွန်းရယ်တို့သည် ဇန်နဝါရီလ ၈ရက်နေ့၊ မနက် ၂နာရီတွင် ရန်ကုန်မြို့ လမ်းမတစ်နေရာ၌ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံကာ ထိုသူမှ ကားဂိတ်သို့ ပို့ပေးမည်ဟု ပြောပြီး ကားတစီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဆိုင်ကယ်နှစ်စီးဖြင့် ထပ်မံ ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရပြီး မြှောက်ဒဂုံရှိ(၅၃၃) တပ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရကာ ထိုမှတဆင့်  ဦးထွန်းရယ်မှာ ထွက်ပြေးလွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သူကပြောဆိုသည်။

"အဲ့ဒီတုန်းက သစ်ပင်ပေါ်တစ်ခုကနေ ခုန်ချလိုက်တာပါ။ ကျနော် ကိုယ့်ကိုယ်ကို ဆေးရုံဘယ်လိုရောက်မှန်း မသိဘူး စိတ်တွေက သောကများတော့ ဘာတွေလုပ်မိလည်းမသိဘူး။ ကျနော် ကိုယ့်ကိုယ်ကို သိချိန်က ဆေးရုံရောက်နေပြီ" ဟု  ဦးထွန်းရယ်ကဆိုသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ပတ္တမြားရောင်ခြည် ငှက်သိုက်မုန့် ပြုလုပ်ရောင်းချသည့် ကုမ္ပဏီတွင် ကိုကိုးကျွန်း လုပ်ငန်းခွင်သို့ သွားရောက်ရန် စောင့်ဆိုင်းနေချိန် အခြားအလုပ်သမားများ၏ ခြိမ်းခြောက်မှုများကြောင့် ဗမာစကား ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သဖြင့် အထက်သို့တိုင်ကြားမှု မပြုလုပ်ရဲဘဲ ဦးထွန်းရယ်နှင့် ဗျားရယ်တို့မှာ ယာယီနေထိုင်သည့် အဆောင်တွင်းမှ ထွက်ပြေးခဲ့ကြရာမှ ထိုကဲ့သို့ ကြံုတွေ့ခဲ့ကြရခြင်းဖြစ်သည်ဟု ဦးထွန်းရယ်က ရှင်းပြသည်။

မောင်ဗျားရယ်သည် ဖရူဆိုမြို့ ဒိုပရယ်အုပ်စု၊ ဖုကရားခူကျေးရွာသားဖြစ်ပြီး အသက်မပြည့်သေးဘဲ စစ်တပ်ထဲ သိမ်းသွင်းခံနေရကြောင်း ယခုချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းကို မြို့နယ်ရဲတပ်ဖွဲ့များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထံသို့လည်း မိဘများက အကူအညီတောင်းထားသည်ဟု သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ KNPPမှလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒယ်ရယ်ကောင်စီ (UNFC)သို့ ကလေးစစ်သား အတင်းအဓမ္မ စုဆောင်းခံရမှုနှင့် ပတ်သက်၍ ကူညီပေးရန် ထပ်မံတင်ပြထားသည်ဟု သိရသည်။

ထို့ပြင် International Labour Organization (ILO)သို့လည်း အကူအညီပေးရန် တင်ပြထားသည်ဟု ဒီးမော့ဆိုမြို့ KNPP အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ ခူးဘော်ရယ်က ပြော သည်။

၎င်းက “ကူညီနိုင်ဖို့အတွက် အကြောင်းစုံနဲ့ မောင်ဗျားရယ် မွေးစာရင်းတွေ မှတ်ပုံတင်တွေကို တင်ပြခဲ့တယ်” ဟု ပြောသည်။

 မောင်ဗျားရယ်နှင့် ဦးထွန်းရယ်တို့သည် တပ်တွင်းသို့ ရောက်ရှိစဉ်တွင် အမည်များပြောင်းလဲ ခံလိုက်ရပြီး သင်တန်းတက်ရန် အမည်နှင့် လက်မှတ်ထိုးခိုင်း၍ ၎င်းတို့နှစ်ဦးမှာ ကြောက်လန့်သဖြင့် စစ်သားမလုပ်ချင်သော်လည်း လက်မှတ်ထိုးခဲ့ကြရသေးသည်ဟု သိရသည်။

အလုပ်လုပ်ရန် ကယားပြည်နယ်မှ ရန်ကုန်သို့ခေါ်သွားခဲ့သည့် ပွဲစား အသေးလေး ဆိုသူအား ရဲစခန်းမှလည်း ဆက်သွယ်မေးမြန်းထားကြောင်း၊ မောင်ဗျားရယ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍လည်း ပတ္တမြားရောင်ခြည် ကုမ္ပဏီမှလည်း တာဝန်ယူ ကူညီရှာဖွေပေးနေကြောင်း သိရသည်။

Most read this week