ဗကသကျောင်းသားများ အကြမ်းဖက်ခံရမှု အရေးယူပေးရန် ကယန်းပါတီနှင့် ကရင်နီလူငယ်များ တောင်းဆိုု

ဗကသကျောင်းသားများ အကြမ်းဖက်ခံရမှု အရေးယူပေးရန် ကယန်းပါတီနှင့် ကရင်နီလူငယ်များ တောင်းဆိုု
by -
ကန္တာရဝတီတိုင်းမ်

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗမာတစ်နိုင်ငံလုံးကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ) ကျောင်းသား ၅ဦးအား အုပ်စုလိုက် အကြမ်းဖတ်မှု ကျူးလွန်ခဲ့သည့် အမှုအား အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွတ်ပေးရန် လေးလေးနက်နက်တောင်းဆိုကြောင်း ကယန်းပြည်သစ်ပါတီ(KNLP) နှင့် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)တို့ ပူးပေါင်းကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

ဗကသ အဖွဲ့ဝင်ကျောင်းသားများဖြစ်ကြသော အောင်သောင်းဦး၊ ကိုကျော်စွာလင်း၊ ကိုဗစ်တာ၊ ကိုထက်လင်း နှင့် ကိုဟိဏ်းနေဇော်တို့ကို အယောက် ၃၀ခန့် ရှိသော လူအုပ်မှ အကြမ်းဖက် တိုက်ခိုက်ခဲ့သောကြောင့် ဒဏ်ရာအသီးသီးရရှိကြပြီး အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကို အောင်သောင်းဦးမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်သောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ဇန်နဝါရီ ၂၀ရက်နေ့ထုတ် ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

student-attack

အစိုးရအနေဖြင့် ယင်းကဲ့သို့သော အကြမ်းဖက်မှုကို ထိရောက်စွာ အရေးမယူဘဲ မျက်ကွယ်ပြုထားမည်ဆို လျှင် နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် အလားတူအကြမ်းဖက်မှုများ နိုင်ငံတွင် ပိုမိုဖြစ်ပွားလာနိုင်ကြောင်း UKSY ကဆိုုသည်။

"ဒီလို အကြမ်းဖက်မှုမျိုးကို ပေးလုပ်နေမယ်ဆိုရင် ဒီပညာရေးကိစ္စမှာမှ မဟုတ်ဘူး တခြားကိစ္စတွေမှာလည်း ဒီလိုဘဲ ဆက်ဖြစ်နေရင် မကောင်းဘူး" ဟုု UKSY ဗဟိိုုကော်မီတီဝင် ကိုုဒီးဒီကပြောသည်။

ယနေ့ထုတ်ပြန်သော ထုတ်ပြန်ကြေညာချက်တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေကြသော ကျောင်းသားများအား ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာတစ်နိုင်ငံလုံး ရှိ ကျောင်းသားမိဘများနှင့် ကျောင်းဆရာ၊ ဆရာမများနှင့်အတူ ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ပါရှိသည်။

ထို အကြမ်းဖက်မှု ဖြစ်စဉ်သည် ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အစိုးရအား အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပေးထားသော ရက် ၆၀ ရာဇာသံ ရက်စေ့သောနေ့ နှင့် တိုက်ဆိုင်နေသည်။