အဖွဲ့ပိုင်သစ်တော လျှောက်ထားခြင်း အခက်အခဲများ ဖြေရှင်းမရပါက လွှတ်တော် တင်မည်

အဖွဲ့ပိုင်သစ်တော လျှောက်ထားခြင်း အခက်အခဲများ ဖြေရှင်းမရပါက လွှတ်တော် တင်မည်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် ကျေးရွာပိုင်အစုအဖွဲ့ပိုင်သစ်တော ထူထောင်ရန် လျှောက်ထားရာတွင် ကြံုတွေ့လာရသည့် အခက်အခဲ ပြဿနာများကို ဖြေရှင်း၍ မရပါက ပြည်နယ်လွှတ်တော်တွင် တင်ပြဆွေးနွေးပေးသွားမည်ဖြစ်သည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရီးချက်က ဇန်နဝါရီလ ၈ ရက်နေ့တွင်ပြောကြားသွားသည်။

“အောက်ခြေမှာ မဖြေရှင်းနိုင်မှ လွတ်တော်မှာတင်ပြတောင်းဆိုသင့် တင်ပြတောင်းဆိုပေးသွားမယ်။ တကယ်လို့ အောက်ခြေမှာရှင်းလို့ရနေတယ်ဆိုရင် ဦးတို့ရှင်းမယ် မရှင်းနိုင်မှ လွတ်တော်ကိုတင်ပြမယ်” ဟု ဦးရီးချက်က ပြောသည်။

build-tree-roks

ဒေသခံပြည်သူများက ကျေးရွာအနီးရှိ ယခင် ဘိုးဘွာစဉ်ဆက်ထိန်းသိမ်းလာကြသည့် သစ်တောများကို ဒေသခံအစုအဖွဲ့ပိုင်သစ်တော အဖြစ် တရားဝင် ထိန်းသိမ်း စောင့်ရှောင့်ခွင်လျှောက်ထား လိုကြရာ အောက်ခြေတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်သည် အခက်အခဲများနှင့် ကြန့်ကြာမှုများ ကြံုတွေ့နေကြရသည်ဟု သိရသည်။

ကျေးလက်ဒေသများသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူငယ်များက ကျေးရွာပိုင် အစုအဖွဲ့သစ်တောများဖြစ်လာစေရန် တဖက်တလမ်းမှ ဦးဆောင်ကာ ဆောင်ရွက်ပေးနေကြရာ ဌာနဆိုင်ရာအဆင့်ဆင့်တွင် လျှောက်ထားတင်ပြရာ၌ သက်ဆိုင်ရာဌာနများက အလေးထား ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ဒါရိုက်တာ ဦးလိရယ်အန်းဂျေလိုက ပြောသည်။

“ကျွန်တော််တို့က ဌာနဆိုင်ရာက လူတွေခေါ်ထားတယ် သစ်တောကလူတွေတော့ လာကြတယ် မြေစာရင်းရယ် အုပ်ချုပ်ရေးအပိုင်းက ဝန်ထမ်းတွေက သူတို့ကိုခေါ်တယ် မလာကြဘူးလေ” ဟု ဆရာလိရယ်အန်းဂျေလို က ပြောသည်။

ယခုကဲ့သို့ လူငယ်များက ကျေးရွာများအတွက် တဖက်တလမ်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ ပြဿနာ အခက်အခဲများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ် များတွေ့ဆုံပွဲ၌ ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။

ထို့နောက် အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ရာတွင် ဒေသဖွံ့ဖြိုးရေးလူငယ်နှင့် ဌာနဆိုင်ရာနှစ်ဦးနှစ်ဖက်ကြား အဆင်ပြေစေရန်အတွက် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများနှင့် ဆက်စပ်ညှိနှိုင်းပေး မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသွားခဲ့ကြသည်ဟု သိရသည်။

အစုအဖွဲ့ပိုင်သစ်တောများထူထောင်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကိုကာကွယ်နိုင်သည့်အပြင် အနာဂတ်မျိုး ဆက်သစ်လူငယ်များအတွက် အကျိုးခံစားခွင့်ရရှိလာမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ကိုလိရယ်အန်းဂျေလိုက ပြောသည်။

မိမိတို့အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း တည်ထောင်လိုသူများသည် ကယားပြည်နယ် သစ်တောဦးစီးဌာနအား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ကယားပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင်းတွင် ဒီးမော့ဆိုမြို့နယ် ဒေါဗျာကူးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြောကြားခဲ့ဖူးသည်။

ကယားပြည်နယ်တွင် ထူထောင်ပြီးသော အစုအဖွဲ့ပိုင်သစ်တောများမှာ ဒီးမော့ဆိုမြို့နယ်တွင် ဝါသောခူကျေးရွာ၊ ထီးသဲကလိုးကျေးရွာ နှင့် ဖရူဆိုမြို့နယ်တွင် ဒိုးပရယ်ကျေးရွာ၊ ထီးသော်သနီးကူးကျေးရွာ တို့သာ ရှိသေးကြောင်း သိရသည်။

Most read this week