လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မည့် အစိုးရတပ်အား ကယားဒေသခံ ၃၀၀ ကျော်ကန့်ကွက်

လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မည့် အစိုးရတပ်အား ကယားဒေသခံ ၃၀၀ ကျော်ကန့်ကွက်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်းတွင် အကြောင်းကြားခြင်းမရှိဘဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ရန် ရောက်ရှိလာသည့် အစိုးရတပ်အား ရွာသူ/သားအယောက် ၃၀၀ကျော်က ချီတက်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ပြောခွင့်ရ ဆရာခူးညေးရယ်က ဇန်နဝါရီလ ရ ရက်နေ့တွင်ပြောကြားသွားသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် စကခ(၇)လက်အောက်ခံတပ်ရင်း အပတ်စဉ် (၁)/၂၀၁၄ (၇၆)မမ အယောက်(၅၀) အမြောက်မွမ်းမံသင်တန်းမှ လက်နက်(၇၉) က ဒေါတမကြီး ကျေးရွာနှင့် ဒေါဆိုခူကျေးရွာ အကြားသို့ ရောက်ရှိ လာပြီး တောင်ယာ သွားနေကြသည့်တောင်သူများအား မောင်းထုတ်ခဲ့ရာ မှ တောင်သူများက ရွာသို့လူစုဝေးကြကာ ဆိုင်ကယ်၊ ကား ၊ ထော်လဂျီများဖြင့် လာရောက်ကန့်ကွက် ခဲ့ကြသည်ဟု သိရသည်။

army-force-roks

“လက်နက်ကြီးပစ်ခွင့်မရ ၊ လက်နက်ကြီးလေ့ကျင့်မှုအလိုမရှိဆိုတဲ့ စာသားတွေနဲ့ကိုင်လာကြတာဖြစ်တယ်။ ရွာသားတွေက ဒါသူတို့ဆန္ဒပြတာမဟုတ်သေးဘူး ကန့်ကွက်တာပဲရှိတာပါလို့ပြောတယ်”ဟု ဆရာခူးညေးရယ်က ပြောသည်။

ဒီဇင်ဘာ(၃၁)တွင် ဒေါတမကြီးကျေးရွာရှိ အစိုးရတပ်တွင်း အစည်းအဝေးလုပ်ခဲ့ကြပြီး လက်နက်လေ့ကျင့်ပစ် ခတ်ခြင်းပြုမည်ဆိုပါက ဒေသခံပြည်သူများအား ကြိုပြီးအကြောင်း ကြားပေးမည်ဟုဆိုကာ ဇန်နဝါရီလ(၃)ရက်နေ့ တွင် ဒေသခံများက အကြောင်းကြားခြင်းမရှိပဲ ရုတ်တရက်ရောက်လာခဲ့သောကြောင့် ဒေသ ခံများကစိုးရိမ်နေကြရတာဖြစ်သည်ဟု ကန့်ကွက်သူများထဲတွင် ပါရှိခဲ့သည့် တောင်သူတစ်ဦးက ပြောသည်။

“ဆိုးကျိုးကအများကြီးးပဲ။ တောင်ယာထဲသွားပြီးစိုက်ထားတဲ့အသီးအနှံများကိုခူးကြမယ်။ စစ်တပ်ကသိတဲ့ အတိုင်းပဲတောင်ယာများကိုတပ်ပိုင်မြေအဖြစ် သိမ်းယူသွားမှာကိုစိုးရိမ်တယ်။ ဒါကြောင့် ကျနော်တို့ အတတ်နိုင်ဆုံးကန့်ကွက်သွားမယ်။ ဌါနဆိုင်ရာနဲ့ပူးပေါင်းပြီးတော့ အေးချမ်းတဲ့အထိကန့် ကွက်သွားမှာပဲ” ဟု ပြောသည်။

KNPP နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း သဘောတူညီချက်အပေါ် ချိုးဖောက်သည့်အတွက် ပြဿနာများ ရှိလာနိုင်ကြောင်း ဆရာညေးရယ်က ပြောသည်။

ဆရာညေးရယ်က“ကျနော်တို့တပ်တွေလည်းရှိတယ်။နောက်လူထုကလည်းတောင်ယာလုပ်ငန်းလုပ်တဲ့အချိန် သွားအိပ်ကြတာမျိုးလည်းရှိတယ်လေ။ အဲလိုဆက်လုပ်ရင် ပြသာနာတက်လာနိုင်တယ်ပေ့ါ။” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူထားချက်အပေါ်တွင် ယခုကဲ့သို့ ချိုးဖောက်ခြင်းများရှိလာနေသည့်အတွက် -ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် ပြည်နယ်အစိုးရထံ ဆွေးနွေးရန် တင်ပြထားခဲ့ပြီးဖြစ်ကြောင်း ဆရာခူးညေးရယ်ကပြောသည်။

ယခုကဲ့သို့ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှုကို ၂၀၁၄ ခုနှစ်တွင် ၂ ကြိမ်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ် ထပ်မံရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

၂၀၁၄ခုနှစ်တွင် ပစ်ခတ်ပြီးမပေါက်ကွဲသေးသောကျည်ဆန်များကိုရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း နယ်လုံဝန်ကြီးက ဒီဇင်ဘာ(၃၁)တွင် KNPP ထံသို့ဆက်သွယ်သတင်းပေးပို့ခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ လက်နက်ပစ်ခတ်ခြင်းများရပ်တန့်ပေးရန် ဒေသခံများက သက်ဆိုင်ရာဌါနဆိုင်ရာ တွင်မှာ တောင်းခံ သွားမည်ဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများထံလည်း စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။