အစိုးရတပ်၏ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတွင် မကွဲဘဲ ကျန်နေသည့် ကျည်များကို ရှင်းလင်းရန်လို

အစိုးရတပ်၏ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုတွင် မကွဲဘဲ ကျန်နေသည့် ကျည်များကို ရှင်းလင်းရန်လို
by -
ကန္တာရဝတီတိုင်းမ်

ဒီးမောဆိုမြို့နယ် ဒေါတမကြီး ကျေးရွာအုပ်စုအတွင်း အစိုးရ စစ်တပ်မှ လက်နက်ကြီးလာရောက် စမ်းသပ်ပစ် ခတ်ပစ်ခတ်မှုအပြီး မကွဲပဲ ကျန်နေခဲ့သော ကျည်များကို ပြန်လည် ရှင်းလင်းပေးစေလိုကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုရယ်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

“ရှင်းလင်းပေးမယ်သူပြောတယ်။ ခုထိ မရှင်းပေးသေးဘူး။ လက်နက်ကြီး(ကျည်) က အခုထိ ကျန်နေသေး တယ်ပေါ့နော။ မြေမြုပ်ပေးမယ် သူပြောတယ်။ ဒါပေမဲ့မြေမြုပ်မယ် ဆိုရင် တော့ ကျနော်တို့ ပြည်သူအတွက် တနေ့နေ့ကျရင် ပြန်ပေါ်လာမယ်။ ပေါ်လာတဲ့ ခါကျတော့ ပြည်သူအတွက် အန္တာရယ်ရှိနိုင်တယ်လို့ ကျနော်တို့ထင်တယ်လေ။” ဟု ဦးကိုရယ်ကပြောသည်။

လက်နက်ကြီး ပစ်ခတ်သည့် ပစ်မှတ်နေရာမှာ တောင်သူများ စိုက်ပျိုးလုပ်ကိုင်သည့် မြေနေရာဟောင်းဖြစ် ပြီး ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်သည့် စနစ်ကြောင့့် ဒေသခံများ အတွက် အန္တာရယ်ရှိလာနိုင်ကြောင်း ဦးကိုရယ်ကဆက်ပြောသည်။

“အရင်တုန်းက နှစ်လုံးတွေ့တယ်။ ခွဲလိုက်တယ်။ ခွဲပြီးတော့ ခုကျန်တဲ့သုံးလုံးက မခွဲသေးဘူး” ဟု ဦးကိုရယ်ကပြောသည်။

ကျန်ရှိနေသော လက်နက်ကြီးကျည်များကို ရှင်းလင်းပေးရန်အတွက် ဒေါတမကြီး ကျေးရွာအနီးရှိ စစ်တပ် မှ စခန်းမှူးထံတင်ပြ ခဲ့သော်လည်း ၎င်းက မိမိတို့နှင့်မသက်ဆိုင်ကြောင်း၊ မိုင်းရှင်းလင်းရေးအဖွဲ့ထံတင်ပြပြီး ရှင်းလင်းပေးမည်ဟု ပြန်ပြောခဲ့ကြောင်း ဦးကိုရယ်ကပြောသည်။

မကွဲဘဲ ကျန်ရှိနေသော လက်နက်ကြီးကျည်ကြောင့် ဒေသခံများ ထိခိုက်မှုရှိလာမည်ကို စိုးရိမ်သည့်အတွက် အမြန်ရှင်းလင်းပေးရန်လိုအပ်ကြောင်း ဒေါတမကြီး ကျေးရွာမှာ ရွာသားတဦးကလည်း ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

အစိုးရ တပ်မှ ဒေါတမကြီးအုပ်စုအတွင်း လက်နက်ကြီး လာရောက်စမ်းသပ်ပစ်ခတ်မှုကို ပြီးခဲ့သည့် ဇန်နဝါရီလ တွင် လူဦးရေ ၂၀၀၀ ကျော်ဖြင့် တကြိမ်၊ စက်တင်ဘာ လ ၂၂ ရက်နေ့တွင် လူဦးရေး ၁၀၀၀ ကျော်ဖြင့် တကြိမ် လာရောက် ပစ်ခတ်ခဲ့သည်။