ကယားပြည်နယ်တွင် လူထုဖိုရမ် ပြုလုပ်မည်

ကယားပြည်နယ်တွင် လူထုဖိုရမ် ပြုလုပ်မည်
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်အတွင်းပြည်သူများ ရင်ဆိုင်နေရသည့် အခက်ခဲ စိန်ခေါ်မှုများကို သိရှိနိုင်ရေးအတွက် ကယားပြည်နယ် ပြည်သူအများပါ၀င်သည့် လူထုအသံ စုဆောင်းရေး ဖိုရမ်တခုကို  နိုဝင်ဘာ ၁၉မှ ၂၁ ရက်နေ့အထိ ပြုလုပ်ကျင်းပရန်ရှိကြောင်း သိရသည်။

ဖိုရမ်ကျင်းပရေး ကော်မတီဝင် ဦးဘီထူးက “ကျနော်တို့ အခုကလူထုတွေရဲ့အသံတွေကို စုစည်းနိုင်ဖို့ အတွက်ကြိုးစားတာပါ ဆိုတော့ကျနော်တို့ ခေါင်စဉ်ကြီး သုံးခုခွဲပြီး လုပ်မယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ လူထုတွေ၊ CSO၊ အစိုးရတွေ၊ လွှတ်တော်အမတ်တွေ အားလုံးဖိတ်ကြားသွားမယ်” ဟု ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

၎င်းဖိုရမ်ပြုလုပ်စဉ်အတွင်း ရှိလာသော အသံများကိုစုဆောင်း၍ လာမည့် ၂၀၁၅ မြန်မာ့လူထုဖိုရမ်တွင် တင်ပြ ဆွေးနွေးသွားရန်ရည်ရွယ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖိုရမ်တွင် ငြိမ်းချမ်းရေးနှင့် လူထု၊ လူ့အခွင့်ရေးနှင့် လူထုအခြေနေ၊ ဖွံ့ဖြိုးရေး နှင့်ပတ်သက်သော အခြေနေ စသည့် ခေါင်းစဉ်ကြီး သုံးခုကို သုံးရက်တာဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

လူထု အခက်ခဲများ၊ အသံများကို စုဆောင်းတင်ပြ သည့်အပြင် ၎င်းတို့၏ အခက်အခဲများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ကို ၎င်းဖိုရမ်တွင် တပါတည်း ရှာဖွေ သွားရန်ရန်လိုအပ်နေပြီဖြစ်ကြောင်း ကယားပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလွင်က ဆိုသည်။

“လူထုအသံကိုသိပြီးတဲ့ နောက်မှာ ကိုယ်တိုင်ကိုယ်ကျ အဖွဲ့စည်းတွေကလူထုနဲ့လက်တွဲပြီး လူထုဖြစ်စေချင်တာတွေကို ဘယ်လိုအကောင်ထည်ဖော်မလဲ ဆိုတဲ့ နည်းလမ်းတွေကို တစ်ဆက်တည်း တစ်ပွဲတည်းမှာ ရှာဖွေသွားဖို့လိုအပ်နေပြီလို့ ကျနော်တို့ တိုက်တွန်ချင်ပါတယ်” ဟု ဗိုလ်မှူးစောလွင်က ပြောသည်။

လူထု အသံစုဆောင်းသည့် အကြို လူထုဖိုရမ်များကို ကျန်တိုင်းနှင့်ပြည်နယ်များ ရှိ မြို့ကြီးများတွင်လည်း ကျင်းပပြီးဖြစ်ကာ ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ  ကယားပြည်နယ် လွိုင်ကော် မြို့တော်ခန်းမတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဖိုရမ်ပြုလုပ်နိုင်ရန် အတွက် ကယား (ကရင်နီ) ပြည်နယ်မှ လူငယ်အဖွဲ့စည်များနှင့် အရပ်ဖက်လူမှု အဖွဲ့စည်းများ ပူးပေါင်း၍ ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဦးဆောင်ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week