လွိုင်ကော်-ရှားတောလမ်းမကြီးကို ၂၀၁၅နှစ်ကုန်ပိုင်းတွင် ကတ္တရာလမ်းအပြီး ခင်းမည်ဟုဆို

လွိုင်ကော်-ရှားတောလမ်းမကြီးကို ၂၀၁၅နှစ်ကုန်ပိုင်းတွင် ကတ္တရာလမ်းအပြီး ခင်းမည်ဟုဆို
by -
ကန္တာရဝတီတိုင်းမ်

လွိုင်ကော်မှ ရှားတောသို့ ဆက်သွယ် ထားသည့်လမ်းမကြီးကို လာမည့် ၂၀၁၅နှစ်ကုန်ပိုင်းတွင် ကတ္တရာ အလမ်း အဖြစ်အပြီးဖောက်လုပ် ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရှိနေသော လမ်းမကြီးမှာ သဲလမ်းသာဖြစ်သောကြောင့် မိုးရာသီတွင် ပျက်စီးသွားသည့်အတွက် လာမည့် ၂၀၁၅ ခုနှစ်အတွင်း လွတ်တော်ဘတ်ဂျက်ငွေဖြင့် ကတ္တရာလမ်းအဖြစ် ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။

reparing-road

“ ဒီ၂၀၁၅ လောက်ကျရင် လွိုင်ကော်-ရှားတောလမ်းက ကတ္တရာလမ်းအပြည့်ဖြစ်သွားမှာပေါ့။ နှစ်ကုန်ပိုင်း မှာပေါ့။” ဟု အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်က ကန္တရဝတီတိုင်းမ် သို့ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် မြို့နယ်တခုကို လွတ်တော်မှ ကျပ်သိန်း တထောင်ချပေးကြောင်း ဦးဌေးရယ်ကဆိုသည်။

အခြားဖွံ့ဖြိုးရေး စီမံကိန်းအနေဖြင့် ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာများ အတွက် သွားလာရေးတွင် အဆင်ပြေလာရန်အတွက် အချို့ရွာများကို ဆိုင်ကယ်လမ်းများကို လည်းဖောက်လုပ်ပေးထားပြီး ကျန်ရှိနေသေးသော ကျေးရွာများကို ၂၀၁၄ -၁၅ ဘတ်ဂျက်ငွေဖြင့် ဆက်လက်၍ ဖေါက်လုပ်ပေး သွားဦးမည် ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်လမ်းတွေလုပ်ထားတာတော့ မိုးတွေရွာလို့ ပျက်စီးကုန်တယ်လေ။ ခုကျတော့ ဒီသိန်းတထောင် ထဲကနေ လိုအပ်တာလေးတွေ ထုတ်ပေးပြီးတော့ သူတို့ကို ပြန်ပြင်ခိုင်းမှာပေါ့ ”ဟု ကန္တရဝတီတိုင်းမ် သို့ပြောသည်။

ယခင်က ရှားတောမြို့နယ်အတွင်း နေထိုင်သူများမှာ တရွာမှတရွာသို့ သွားလိုလျှင် ခြေကျင်လျောက်နေရပြီး ယခုလို ဆိုင်ကယ်လမ်းများဖေါက်လုပ်ပေးခြင်းဖြင့် သွားလာရေးပိုမိုအဆင်ပြေလာပြီဖြစ်ကြောင်း ဦးဌေးရယ်ကဆက်ပြောသည်။

“အရင်တုန်းကတော့ လမ်းလျှောက်တာတခုတည်းဘဲပေါ့နော်။ အခုဆိုင်ကယ်လမ်းဖောက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ အတွက်ကော ရွာသူရွာသားတွေ အတွက်ပါတော်တော်လေးကို အဆင်ပြေလာပါ တယ်”ဟု ဆက်ပြောသည်။

ရှားတောမြို့နယ်တွင် ယခင်က ရွာပေါင်း ၆၅ ရွာခန့်ရှိပြီး နိုင်ငံရေး အခြေနေကြောင့် ရွာရှောင်များ အဖြစ် ရွေ့ပြောင်းနေထိုင်ကြရပြီး ယခုတွင် ကျေးရွာများကိုစုစည်းလိုက်သည့်အတွက် ၂၃ရွာခန့်သာ ကျန်ရှိတော့ကြောင်း ဦးဌေးရယ်ကဆိုသည်။