ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် ကချင်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုနူန်း မြင့်တက်

ပြည်သူများ ပူးပေါင်းပါဝင်မှုကြောင့် ကချင်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုနူန်း မြင့်တက်
by -
ကန္တာရဝတီတိုင်းမ်

ကချင်ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် လူထု၏ ပူးပေါင်းပါဝင်မှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ သုံးစွဲသူများကို ဖမ်းဆီးမှုများ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် သိသိသာ သာ မြင့်တက် လာသည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းက ပြောသည်။

"လူထုပါဝင်မှုကြောင့် နေ့စဉ် ဖမ်းဆီးရမိသူပေါင်း ရ ယောက်မှ ၁၅ ယောက်အထိ ဖမ်းဆီးမိတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။

drug-roks1

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး မှတ်တမ်းများအရ ၂၀၁၄ အောက်တိုဘာ ၁၈ ရက်အထိ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှု ၁၅၀၉ မှုမှ လူပေါင်း ၂၂၂၁ ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၃ တစ်နှစ်လုံးတွင် ဖမ်းဆီးရမိမှု စုစုပေါင်း ၁၅၀၂ မှုမှ လူပေါင်း ၂၂၉၉ ယောက် ဖမ်းဆီး အရေးယူခဲ့သည်ကို တွေ့ရသည်။

ကချင်ပြည်နယ် ရဲမှူးကြီး ဦးစန်းယုက "တစ်နေ့တစ်နေ့မှာ အမှုပေါင်း ၅မှုမှ ၁၇မှုအထိ ရှိပါတယ်။ အချုပ်ခန်းတွေလည်း အပြည့်ဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း ဖမ်းနေဆဲဘဲ ဖြစ်ပါတယ်" ဟု ပြောပါသည်။

ဖမ်းဆီးရမိမှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံမှာ ပြည်သူပူးပေါင်းပါ၀င်မှုကြောင့် ဖြစ်သည်ဟု ရဲမှူးကြီး ဦးစန်းယုက ပြော သည်။

ပြည်သူပါ၀င်မှုဆိုရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများကို တယ်လီဖုန်းဖြင့် သတင်းပေးခြင်း၊ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးပေးခြင်းတို့ကြောင့်ဖြစ်သည် ဟုဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြေက်ပိုင်းတို့တွင် မူယစ်ဆေးဝါးတိုက်ဖျက်ရေးလူထုကော်မတီ ကော်မတီ များကို ကျေးရွာ ရပ်ကွက်အလိုက် ဖွဲ့စည်းပြီး မူးယစ်ဆေး သုံးစွဲသူများ၊ ရောင်းဝယ်သူများကို အမြင် ပွင့်ဟောပြောပွဲများ လုပ်ဆောင်ခြင်း၊ ရောင်းဝယ်သုံးစွဲသူများကို လူထု ကိုယ်တိုင်ဖမ်းဆီးခြင်းနှင့် ဆေးဖြတ် စခန်းများဖွင့်လှစ်ပေးခြင်းတို့ ပြုလုပ်လျက်ရှိသည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုကော်မတီ(မြစ်ကြီးနား) အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းက ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုကော်မတီကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဒေသ ၁၂ ခုသတ်မှတ်၍ နယ်မြေခံ ပြည်သူများက ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများ ပြုလုပ်နေသော အဖွဲ့ဖြစ်သည်။

ယခုကဲ့သို့ လူထုကိုယ်တိုင် မူယစ်ဆေးဝါးတိုက်ဖျက်ရန် ကော်မတီဖွဲ့ရခြင်း အကြောင်းရင်းကို ဦးအင်ခွန်တန်ဂွန် က "ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ရော တနိုင်ငံလုံးပါ မူယစ်ဆေးဝါးရဲ့ပတ်ဝန်းကျင် မူယစ်ဆေးဝါးရဲ့ ကျေး ကျွန်နိုင်ငံဖြစ်သွားနိုင်တယ် ဆိုပြီးတော့မှ ဘယ်သူမှလည်း မခိုင်းတော့ဘူး ပြည်သူရဲ့အသိနဲ့ ဖွဲ့စည်းပြီးတော့မှ ကျနော်တို့ လုပ်ဆောင်လာခြင်းဖြစ်တယ်" လို့ ပြောသည်။

ယင်းကဲ့သို့ လူထုအဖွဲ့အစည်းများက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ဥပဒေနည်းကျ ပြုလုပ်သင့်ကြောင်းနှင့် ဖမ်းဆီးမှုများပြုလုပ်ရာတွင် ပြည်နယ် မူးယစ်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က အကြံပြု ပြောကြားသည်။

Most read this week