အပစ်ရပ်စာချုပ် ရေးဆွဲရေးအတွက် အစိုးရနှင့် ပြန်လည်မတွေ့ဆုံမီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ ပြန်လည်တွေ့ဆုံ၍ ယခင် ဆွေးနွေးပွဲတွင် အစိုးရနှင့် သဘောတူညီမှု မရခဲ့သည့် အချက်များကို ပြန်လည်ဆွေးနွေးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု NCCT အဖွဲ့ဝင် ခူးတော်ရယ်က ပြောသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲကများ ကိုယ်စားပြုဖွဲ့စည်းထားသည့် NCCT တို့ပူးပေါင်း၍ အပစ်ရပ်မူကြမ်းရေးဆွဲလျက်ရှိရာ (၆) ကြိမ်မြောက်တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သော်လည်း စာချုပ်ပါအချက် အချို့ သဘောတူညီမှုမရရှိခဲ့ဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သဘောတူညီမှုမရှိခဲ့သော အချက်များဖြစ်သည့် လုံခြံုရေးဆိုင်ရာ ပေါင်းစည်းရေး ကိစ္စရပ် များနှင့် NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်) အားလွှတ်တော် တင်သွင်းခြင်းကိစ္စရပ်များကို NCCT အဖွဲ့တွင်း ပြန်လည်ဆွေးနွေးမည် ဖြစ်ကြောင်း ခူးတော်ရယ်က ပြောသည်။
"NCA ဆွေးနွေးပွဲမဖြစ်ခင်မှာ NCCT တွေဆွေးနွေးပွဲအရင်လုပ်အုံးမယ်။ နောက်တစ်ခေါက်သွားရင် ဘယ်အချက်တွေကို ဘယ်လို သဘောထားမှာလဲဆိုတာမျိုးတို့ ဘယ်လိုပုံစံဆွေးနွေးကြမှာ လဲဆိုတာကို ပြန်ပြီးဆွေးနွေးအုံးမယ်" ဟု ၎င်းကပြောသည်။
NCCT အဖွဲ့ဝင်များ အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်မည် ဖြစ်သော်လည်း အချိန်နှင့်နေရာကို အတိအကျ မသတ်မှတ်ရသေးကြောင်း ခူးတော်ရယ်က ပြောသည်။
NCCT နှင့် အစိုးရတို့ပြန်လည်တွေ့ဆုံမည့် သတ္တမအကြိမ်မြောက် အပစ်ရပ်မူကြမ်းဆွေးနွေးပွဲ ကို အောက်တိုဘာလမကုန်မီ ပြန်လည်ပြုလုပ်နိုင်ရန် အစိုးရက လျာထားကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။
အစိုးရက ယင်းသို့ လျာထားသော်လည်း NCCT ဘက်က ရက်အတိအကျ မသတ်မှတ်ရသေးဟု ခူးတော်ရယ် က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကိုယ်စားပြု ဖွဲ့စည်းထားသည့် Nationwide Ceasefire Coordination Team – NCCT ကို ၂၀၁၃ ခုနှစ် နို၀င်ဘာလက ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးညီလာခံအပြီးတွင် ဖွဲ့စည်းခဲ့ပြီး ကရင်နီအမျိုးသား တိုးတတ်ရေးပါတီလည်း အဖွဲ့ဝင်အဖြစ် ပါ၀င်သည်။