ထိုင်းနိုင်ငံဘက်သို့သွင်းသည့်နွားများကြောင့် ဒေသခံရွာလမ်းများ ပျက်စီးသွားကြ သည့်အတွက် မကျေမနပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ နွားလမ်းကိုတခြားတောလမ်းဖြင့် ပြောင်းသုံးရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။
ထိုင်းသို့နွားများကိုမောင်းသွားကြရာ ဒီးမော့ဆိုမြို့နယ် လားလဲကျေးရွာအတွင်းရှိ ACF နှင့် ရွာသားများ ကိုယ်ထူကိုယ်ထ ခင်းထားသည့် သဲလမ်းပျက်စီးသွားသဖြင့် ရွာသာများက မကျေမနပ်ဖြစ်နေကြရသည်ဟု လားလဲရွာမှဒေသခံတစ်ဦးဖြစ်သူ ဦးအေးချိုက ပြောသည်။
ဦးအေးချိုက ̏ ရွာသားအမြင်နဲ့ဆိုရင် ရွာကိုဖြတ်သွားတာကလုံးဝ မကောင်းဘူး။ ခုနပြောသလို ရွာထဲကိုဖြတ်လာ ရင် လမ်းတွေပျက်တာပေါ့နော˝ ဟုပြောသည်။
နွားမှောင်ခိုသမားများသည် ရှမ်းပြည်ဘက်မှလာခြင်းဖြစ်ပြီး ကယားပြည်နယ်ကိုဖြတ်ကာ ထိုင်းနယ်စပ်တွင် ၎င်းတို့၏ နွားများကို သွားရောက်ရောင်းချကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်လမှစတင်ပြီး နွားမှောင်ခိုသမားများ ပိုမိုဖြတ်သန်းလာကြသည်ကိုတွေ့ရကြောင်း တစ်ကြိမ်ဖြတ် သွားလျှင် နွားကောင်ရေ အနည်းဆုံး ၃၀ မှ ၅၀ ကြား ဖြတ်မောင်းသွား လေ့ရှိကြောင်း သိရသည်။
ဦးအေးချိုက ̏ ခုကျနော်တို့ လမ်းကိစ္စကြရင်လည်း ACF အဖွဲ့က လာပြီးပံ့ပိုးကူညီတယ်ဆိုတော့ ကျနော်တို့အတွက်လည်း ဒီလမ်းပျက်သွားမယ်ဆိုရင် ကျနော်တို့ဘဲ ဆုံးရှုံးသွားမှာဘဲလေ။ ဒီလိုထပ်ပြီးတော့ ပံ့ပိုးမယ့်သူလည်း ရှိတော့မှာ မဟုတ်ဘူးပေါ့နော။ ကျနော်တို့ စားဝတ်နေရေးအတွက်လည်းတအား ထိခိုက်မှာပေါ့˝ ဟု ပြောသွားသည်။
၎င်းနွားကုန်သည်များအပေါ် တာဝန်ရှိအာဏာပိုင်များကလည်း အခွန်ကောက်ခံခြင်းမရှိ ေကြောင်း သိရသည်။ သို့သော် ကယားပြည်နယ်အတွင်းဖြတ်သွားနိုင်ရန်အတွက် လွိုင်နန်းဖရှိ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး ( ကလလတ ) တို့ထံတွင် အခွန်ဆောင်ကြရသည်ဟု ဦးအေးချိုပြောကြားချက်အရ သိရသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ဖြစ်သည့်အတွက် (KNPP) အခွန်ပေးဆောင်ခိုင်းခြင်း မရှိကြောင်း၊ ယခုကဲ့သို့ အပစ်အခတ်ရပ်ကာလကို စီးပွားရေးသမားများက အသုံးချလာခြင်းဖြစ်ကြောင်း နှင့် အကူအညီ တောင်းလာသည့်အပေါ်တွင်သာ ကူညီပေးခြင်းလောက်သာရှိကြောင်း လွိုင်ကော်မြို့ (KNPP) ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆရာပလု ရယ်က ပြောသည်။
"ကေအဲန်ပီပီ နဲ့ အစိုးရ အပစ်ခတ်ရပ်စဲရေးယူထားတာဆိုတော့ သွားလို့ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့သွားတာ လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါက အရင်တုန်းကလုပ်လာခဲ့တဲ့ ကုန်သည်ဟောင်းကြီးတွေဘဲ ဖြစ်မယ်လို့ ထင်ပါတယ်။ဒီဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်တာတွေလည်း ရှိကောင်းရှိနိုင်တာပေါ့နော။ သူတို့ဟာနဲ့သူတို့ လုပ်လို့မရနိုင်ပါဘူး။ ကျနော်တို့ ဒီဒေသခံတွေရဲ့ အကျိုးအမြတ်တော့နည်းမှာပေါ့" ဟုပြောသည်။
လားလဲကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အားလျော်စွာ မြို့နှင့်အလှမ်းဝေးသည့် ရွာလေး တစ်ရွာလည်းဖြစ်သည်။
ထို့အပြင် လာလည်းရေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့်အပြင် သောက်သုံးရေရရှိရန် ရွာနှင့် ၄ ဖာလုံ၊ ၅ ဖာလုံခန့် ဝေးသည့် ရေဆိပ်သို့ သွားရောက်ခပ်ယူကြရခြင်း တို့ကြောင့် အခက်အခဲရှိနေကြရသည်ဟု သိရသည်။
ထို့ကြောင့် ရွာသားများက နွားမှောင်ခိုသမားများအနေဖြင့် ၎င်းတို့၏နွားများကိုမောင်းလာသည့်အခါ ရွာအတွင်းသို့ ဖြတ်မမောင်းစေချင်ဘဲ အခြားသော တောလမ်း (သို့မဟုတ်) ရွာကိုကွေ့ပတ် မောင်းနှင်သွားရန် ရွာသားဘက်မှ ဆန္ဒရှိနေကြသည်။