ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်သူပြည်သားများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ဥပဒေအတိုင်း ပြည်နယ်လွှတ်တော်အတွင်း ဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောသည်။
ဝန်ကြီးချုပ်က “ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ကိုဖြည့်ပေးမယ်။ ဒီမိုကရေစီ အစိုးရ ဖြစ်လာတော့ ဒီမိုကရေစီ ဆန်ဆန် ကယားပြည်နယ်ရှိ ပြည်သူတွေရဲ့ အကျိုးလုပ် ပေးမယ်။ ကျနော့မှာ ဘာသာစွဲ မရှိဘူး။ ကယားပြည်နယ်ရှိ ဘယ်ဘာသာပဲဖြစ်ဖြစ် တတ်နိုင်သလောက် အကုန်ကူညီမယ်။ ဥပဒေနဲ့ အညီလုပ်မယ်" ဟု ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ဒီမောဆိုမြို့နယ် နောင်ပလဲအုပ်စု၊ နောင်ပလဲကျေးရွာ ခန်းမဆောင်တွင် လူထုတွေ့ဆုံပွဲ၌ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက ကျေးလက် ကျန်းမာရေးသားဖွားဆရာမ လိုအပ်မှုများ ဖြည့်ဆည်းပေးရန်၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲလာမှုများပြာလာသည့်အတွက် အစိုးရ နိုမ်နှင်းပေးရန်၊ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသည့် သူများအလုပ်ပေးရန်၊ ကျေးရွာ တအုပ်စုလုံးအတွက် လမ်းများပြန်လည်ပြုပြင်ပေးရန်၊ လေးမိုင်မြေနီကုန်း အလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲမြင့် တင်ပေးရန် နှင့် လယ်ထွန်စက် ကိုးရီးယားအမျိုးအစား စျေးကြီးသည့်အတွက် စျေးသက်သာသည့် အမျိုးအစားချပေးရန် တင်ပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
နောင်ပလဲအုပ်စု၊ ဆိုဘောသဲ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညားရယ်ထွန်းရွေ "လမ်းတွေက ကိုယ်ထူကိုယ်ထလုပ်ထားတာဆိုတော့ မြေကြီးပွပြီး မိုးရွာရင်ဗွက်ထတယ်။ ကျွဲ၊နွားရှိတော့ ပိုဆိုးတယ်။ လမ်းကိုကျောက်ချောလမ်းခင်းပေလိုတယ်"ဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုသွားသည်။
ဆိုဘောသဲကျေးရွာမှ ဒေသခံတစ်ဦးက "ရွာတိုင်းလိုလိုမှာလူငယ်တွေက မူးယစ်ဆေးဝါးသုံးစွဲနေကြပြီ မဟုတ်ရင်တောင် အနည်းနဲ့အများတော့ရှိနေကြပြီ" ဟုပြောဆိုသွားသည်။
ဒေသခံများ၏ တင်ပြချက်အတိုင်း တိုင်းရင်းသားဝန်ကြီး ဦးစိန်ဦးမှ ပြည်သူတွေတင်ပြသည့်အတိုင်း လုပ်ပေးမှာဖြစ်ပြီး၂၀၁၅-၁၆ တွင် ကျောင်းပေါင်း ၅၀ ကျော် ဆောက်ရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီးပြည်သူမှ တောင်းဆိုထားသည့် လမ်းကိစ္စကို အစိုးရမှ နတလ နှင့် ကျေးလက်ဖွံ့ ဖြိုးရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်သွားပေးသွားရန်အစီအစဉ်ရှိသည် ဟု စီမံနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ပြောသည်။
ကယားပြည်နယ်ရှိ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ်များကိုလည်းဂျပန်မှ မြန်မာအလုပ်သမားများ ခေါ်မည့်အစီအစဉ်တွင် ၀န်ကြီးအနေဖြင့် လက်မှတ်ထိုးပြီး ပို့ပေးမည်ဖြစ်သည်ဟုလည်း ဝန်ကြီးချူပ်မှ ပြောသွားသည်။
လူထုတွေ့ဆုံပွဲတွင် နောင်ပုလဲကျေးရွာအုပ်စုမှ ဒေသခံ လူဦးရေ ၅၀ ခန့်တက်ရောက်ခဲ့ကြပြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဦးခင်မောင်ဦး၊ စီမံနှင့်စီးပွားဝန်ကြီးဦးတော့ရယ်၊ တိုင်းရင်းသားဝန်ကြီး ဦးစိန်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ လျှပ်စစ်စွမ်းအားဝန်ကြီး စောဟူးဟူ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်တို့လိုက်ပါခဲ့ကြသည်။
နောင်ပုလဲအုပ်စုတွေ့ဆုံဆွေးနွေးပွဲပြီးနောက်တွင် အစိုးရအဖွဲ့သည် လွိုင်နန်းဖအုပ်စုမှ ဒေသခံများ နှင့်တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု သိရသည်။