တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး အတွက် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေဖြင့် ဆွေးနွေး ပွဲများတွင် ဆွေးနွေးမည့် ပေါ်လစီများ၊ Framework များကို ပြည်သူလူထုအား ချပြသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကယားပြည်နယ် ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူ က ပြောသည်။
KNPP အနေနှင့် တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး ပြုလုပ်နေရာတွင် NCCT ၏ Frame work အတိုင်း မသွားသင့်ပဲ ကိုယ်ပိုင် Frame work တစ်ခု ရေးဆွဲ၍ ကယားပြည်နယ် လူထု နှင့် တွေ့ဆုံ ချပြသင့်ကြောင်း ၎င်းကဆိုသည်။
၎င်းက “ကယားပြည်နယ်မှာရှိတဲ့ KNPPဟာ လူထုတွေကို သူတို့ဘာတွေ လုပ်မယ်ဆိုတဲ့ ပေါ်လစီပဲ ဖြစ်ဖြစ် frame work ပဲဖြစ်ဖြစ် ချပြစေချင်တယ်၊ သူတို့ တိုက်တုန်းကလည်း ဒီမှာတိုက်တယ်၊ အပစ်ရပ် ပြန်လုပ်တော့ လည်း ဒီမှာလုပ်တယ၊် အဲ့လို ချပြဖို့ကလည်း ကိုယ်ပိုင် Frame work မူတစ်ခု ရှိသင့်တယ်လို့ ထင်တယ်” ဟုပြောသည်။
ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုဒီးဒီက “တပ်ပိုင်းဆိုင်ရာတွေ တော့ မချပြတာ ကတော့ ထားပါတော၊့ ဒီအပစ်ရပ်မှာ ပါတဲ့ ပေါ်လစီတွေ၊ ဘာတွေလုပ်မယ်၊ ဘယ်အချက်တွေ ထည့်ဆွေးနွေး မယ် စတာတွေတော့ လူထုကို ချပြသင့်တယ်” ဟုပြောသည်။
KNPP အနေဖြင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ပြည်သူလူထုအား အများအပြား လိုအပ်ကြောင်း၊ ယခုပြုလုပ်နေသည့် ပေါ်လစီများ၊ မူဘောင်များအား ပြည်သူလူထုအား ချပြသင့်ကြောင်း၊ လွိုင်ကော်မြို့ခံ တစ်ဦးဖြစ်သူ ကိုမိုးက စက်တင်ဘာ ၁၄ ရက်နေ့ တွင် ပြောသည်။
၎င်းက “ပြည်သူ့ အားလည်း အများကြီး လိုအပ်တာပေါ၊့ ပြည်သူလူထုကို သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ပေါ်လစီတွေ ချပြသင့်တယ်။ ခက်တာက အားလုံးခေါ်ပြီး တွေ့ဆုံပွဲ လုပ်ရင် သူတို့ ရဲ့ အားနည်းချက်တွေလည်း အများကြီး ပေါ်လာရင်လည်း သူတို့ လက်ခံနိုင်ဖို့ လိုတယ်” ဟုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် လူထုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့စည်းများနှင့် မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြို ဆွေးနွေးပွဲအား လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာအုပ်စု ထေသမရပ်ကွက် မော့ဒူဒီးဘိုးဟိုး ခန်မဆောင်တွင် ပြုလုပ်ခဲ့သည်။
ယင်းအပြင် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် အတွင်း၌လည်း လူထု၏ အရေးကိစ္စနှင့် တင်ပြ ဆွေးနွေးလို သည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း ကွင်းဆင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ သေးသည်။