ကရင်နီတမျိုးသားလုံး အာဇာနည်နေ့ သိထားသင့်သည်ဟု KNPP တိုက်တွန်း

ကရင်နီတမျိုးသားလုံး အာဇာနည်နေ့ သိထားသင့်သည်ဟု KNPP တိုက်တွန်း
by -
ကန္တာရဝတီတိုင်း(မ်)

အမျိုးသားရေးအတွက် အသက်စွန့်ပေးဆပ်သွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်များကို သတိရအောက်မေ့ ဂုဏ်ပြုနိုင်ရန်နှင့် အမျိုးသားရေးတာဝန်များကို လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်နိုင်ရန် ကရင်နီတမျိုးသားလုံး အာဇာနည်နေ့ကို သိထားသင့်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် ကရင်နီအာဇာနည်နေ့တွင် တိုက်တွန်းလိုက်သည်။

KNPP လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ ပြောခွင့်ရသူ ခူးပလူးရယ်က “အာဇာနည်နေ့ကို ကျနော်တို့ ဦးဘီတူရီကျဆုံးတဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်တာဆိုပေမယ့် ကျနော်တို့ တော်လှန်ရေးမှာ ထွက်လာတဲ့ ကျနော်တို့ ခေါင်းဆောင်တွေ ရဲဘော်ရဲဘက်တွေ မိဘပြည်သူတွေလည်း အာဇာနည်နေ့ထဲမှာ ပါပါတယ်။ မိဘပြည်သူများကို ကျနော်ပြောချင်တာကတော့ ဒီကနေ့ဟာ ကျနော်တို့ အာဇာနည်နေ့ဖြစ်တယ်။ သိထားကြသင့်တယ်။ သတိရအောက်မေ့ပြီးတော့ ပန်းတိုင်ကို အတူတကွ သွားကြမယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

plureh-rzarni-roks

စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် ၆၆နှစ်မြောက် ကရင်နီအာဇာနည်နေ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာတွင် ကျင်းပခဲ့စဉ်အချိန်၌ ခူးပလုရယ်က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အာဇာနည်နေ့ကို ကရင်နီပြည်လွတ်မြောက်နယ်မြေ ညာမိုတပ်စခန်းတွင် နစ်စဉ်နှစ်တိုင်း လွမ်းသူပန်းခွေချ ဂါရဝပြု အခမ်းအနားပြုလုပ်လေ့ရှိပြီး အပစ်အခတ်ရပ်စဲထားသည့် နောက်ပိုင်းမှသာလျှင် ကယားပြည်နယ် အတွင်း မြလဲရွာတွင်လည်း ယခုလို အခန်းအနားနှင့်တကွ ဝတ်ပြုဆုတောင်းပွဲစတင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြလဲရွာနေ ဦးကတိုမူးက “အာဇာနည်နေ့လုပ်တာ အရမ်းကျေးဇူးတင်တယ်။ ကျနော်တို့ရွာလည်း ပြီးခဲ့တဲ့ တစ်နှစ်နှစ်မှာ ခိုးပြီးတော့ ဝတ်ပြုကိုးကွယ်တာ။ ဒီနှစ်မှ ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ်ပေါ့ ပြောရမယ်ဆိုရင် အခြေနေက ကောင်းကောင်းလေးပြီးဆုံးတော့ ကျနော်လည်း ဝမ်းသာတယ်”ဟု ဆိုသည်။

မိမိအနေဖြင့် အများအကျိုးကို အသက်ဆုံးတိုင် ကာကွယ်အသက်စွန့် ပေးဆပ်သွားသည့် ခေါင်းဆောင်များ မိဘပြည်သူများကို အာဇာနည်အဖြစ် အသိအမှတ်ပြုကြောင်း ဝါဘန်းဗလို့အသင်းအုပ် ဆရာ ဆရာတော် ဟာရိုမူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ဆရာတော်က “ဒီမြလဲရွာမှာ အာဇာနည်နေ့လို့ ကျင်းပလိုက်တာနဲ့ ကျနော်တို့ ချက်ချင်းခေါင်းဆောင်တွေကို သတိရပါတယ်။ သူတို့ရဲ့ ခံယူချက် သူတို့ရဲ့ လုပ်ဆောင်ချက် သူတို့ပေးဆပ်တဲ့အရာအားလုံးဟာ တန်ဖိုး မဖြတ်နိုင်ပါဘူး။ အဲဒီေတော့ ဒီတန်ဖိုးမဖြတ်နိုင်တဲ့ အရာကို ပြန်လည်သတိရခြင်းအားဖြင့် အရမ်းတန်ဖိုး ရှိပါတယ်”ဟု ပြောသည်။

အခမ်းအနားတွင် KNPP ပါတီဗဟိုဌာနချုပ်မှ ပေးပို့သော သဝဏ်လွှာတွင် မိမိတို့ အမျိုးသားခေါင်း ဆောင်များဦးဆောင်လမ်းပြခဲ့သည့် လမ်းကို ဆက်လျှောက်လှမ်းနိုင်ရန် တာဝန်သည် မိမိတို့ ကရင်နီအမျိုး သားထုတစ်ရပ်လုံး၏ ပခုံးပြောင်းယူရမည့် တာဝန်ဖြစ်သောကြောင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ပါတီဗဟိုဌာနချုပ်အနေနှင့် ခေါင်းဆောင်များ၊ တပ်ဗိုလ်၊ တပ်မှုူး၊ တပ်သားများနှင့် မိဘပြည်သူအပေါင်းတို့သည် မိမိတို့ အမျိုုးသား၏ သမိုင်းကြောင်းနှင့် ဘဝမှန်ကို မမေ့မလျှော့ပဲ ကျရာအခန်းကဏ္ဍတွင် အမျိုးသားရေးတာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်း ပါရှိသည်။

အာဇာနည်နေ့အခမ်းအနားတွင် KNPPခေါင်းဆောင်များ၊ မြို့နယ်မူးများ ဘာသာရေးဆရာများ၊ ကျောင်းသူ ကျောင်းသားများနှင့် မြလဲရွာမှ မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

မြလဲကျေးရွာတွင် အာဇာနည်နေ့ ကျင်းပရခြင်းသည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင်ဖြစ် သည့် ဦဘီတူရီ ကျဆုံးခဲ့သည့်နေရာနှင့် နေ့ရက်ကို အစွဲပြုပြီး ကျင်းပကြခြင်းဖြစ်သည်။

၁၉၄၈ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ မြလဲရွာတွင် ဦးနုခေါင်းဆောင်သည့် ဖဆပလ အစိုးရအဖွဲ့နှင့် တော်လှန်တိုက်ခိုက်ခဲ့ကြစဉ်အချိန်၌ ကျဆုံးခဲ့တာဖြစ်သည်။ အာဇာနည်နေ့အဖြစ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီကနေပြီး အသိအမှတ်ပြု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။