ပေါင်းလောင်းဆည်အရေး လှုပ်ရှားသူ ကယန်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦး ရိုက်နှက်

ပေါင်းလောင်းဆည်အရေး လှုပ်ရှားသူ ကယန်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်ခုနှစ်ဦး ရိုက်နှက်
by -
ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့သော သြဂုတ်လ ၂၂ ရက်နေ့တွင် ပေါင်းလောင်း (ဆည်) အရေး လှုပ်ရှားဆောင်ရွက်နေ သူကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ခွန်းနိုင်လင်းထွန်းအား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် လျှပ်စစ်ဝန်ကြီး တို့၏ ခရီးစဉ် လုံခြံုရေးအတွက် ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်အချို့မှ ၀ိုင်းဝန်းရိုက်နက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရိုက်နက်ခံရသူ ခွန်းနိုင်လင်းထွန်းမှာ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းကျေးရွာ အနီးရှိ ဖိုကုန်းကျေးရွာမှ ဘောလုံးကန်ပြီးအပြန်တွင် ဒုသမ္မတ ၏ ခရီးစဉ် လုံခြံုရေး အတွက် ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်များက “ဆိုင်ကယ်ဦးထုပ် မဆောင်းလို့” ဟုအကြောင်းပြချက်ဖြင့် တားဆီးကာ ရိုက်နှက်ခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် အထွေထွေအတွင်းရေးမှူး ခွန်းအသန်း၏ အဆိုအရသိရသည်။

ခွန်းအသန်းက ̏ နောက်ခံအကြောင်းကို ပြန်ကြည့်တော့ အဲ့တုန်းကရဲတွေပြောတဲ့ စကားတစ်ခွန်းရှိတယ် ငါတို့မင်းကိုကြည့်နေတာကြာပြီ ဖမ်းချင်နေတာလို့ ပြောထားတာတွေရှိတယ်။ ဆိုတော့ ခွန်းနိုင်လင်းထွန်းက အထက်ပေါင်းလောင်းဆည် နဲ့ပတ်သက်ပြီး လူထုတွေရဲ့နစ်နာချက်တွေကို ထုတ်ဖော်တယ် အစိုးရတာဝန်ရှိ သူတွေနဲ့ တွေ့ဆုံပြီးတော့မှ တောင်းဆိုတာတွေ အမြဲတမ်း လုပ်လေ့ရှိတယ်။ လူ့အခွင့်ရေးတွေ လှုပ်ရှားမှုတွေ လုပ်လေ့ရှိတော့ အာဏာပိုင်တွေက အဲ့အပေါ်မှာ အညိုးအတေးထားတယ် လို့သုံးသပ်တယ်။ အဲ့လိုအညိုတေးထားလို့ပဲ လူမဆန်တဲ့လုပ်ရက်တွေနဲ့ ရိုက်နှက်ခဲ့ကြတာလို့ သုံးသပ်တယ်״ ဟုပြောသည်။

ထိုးကြိတ် ရိုက်နှက် ခံရမှုကြောင့် ခွန်းနိုင်လင်းထွန်း၏ မျက်နှာတွင် ဒဏ်ရာသုံးချက်ရရှိခဲ့ပြီး ရင်ဘတ် တွင်လည်း ခြေဖြင့်တချက် အကန်ခံရကြောင်းသိရသည်။

ထို့အပြင် ၎င်းကို နံပါတ်တုတ်ဖြင့် ထပ်မံရိုက်နှက်မည်ဟု ခြိမ်းခြောက်ခံရပြီး ငွေ၅၀၀ ကျပ်တောင်းကာ ပြန်လွတ်လိုက်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် ဥက္ကဌ ခွန်းလွှီဇီငြိမ်း ကပြောသည်။

"အခုက အာဏာကိုအလွဲသုံးစား လုပ်ချင်တယ် ဒေသခံလူထုတွေကို ဖိနှိပ်ချင်တဲ့သဘောပါ အထူးသဖြင့် ဒီပေါင်းလောင်းကိစ္စ ကြောင့်မို့ပေါ့နော် လှုပ်ရှားတတ်ကြွနေတဲ့ လူငယ်တချို့ကို မိုက်မိုက်ရိုင်းရိုင်းနဲ့ ဆုံးမတဲ့ကိစ္စမျိုးပေါ့နော် မတရားပြုကျင့်တဲ့ကိစ္စမျိုးလို့ ကျနော်မြင်တယ် ״ဟု ခွန်းလွှီဇီငြိမ်း ကပြောသည်။
 
အဆိုပါ ခွန်းနိုင်လင်းထွန်း ရိုက်နက်ခံရသည့် ကိစ္စနှင့် ပါတ်သက်၍ ရှမ်းပြည်နယ် ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများ ၊ လွတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရရုံးများသို့ ဖုန်းဖြင့် ခေါ်ဆို တိုင်ကြားထားသော်လည်း အစိုးရမှ တစုံတရာ ဆောင်ရွက်ပေးတာမျိုးမတွေ့ရသေးကြောင်း ခွန်းလွီးဇီငြိမ်းကပြောသည်။

"အစိုးရကဒါကိုတရာဝင်ထုတ်ပြန် ချက်တွေနဲ့ ကျနော်တို့ကို ရှင်းလင်းပေးစေချင်တယ် အထူးသဖြင့်လူထု တွေအပေါ် မတရားပြုလုပ်တဲ့ဟာ မဟုတ်ဘူး ဆိုတာကို အစိုးရဘက်ကပွင့်ပွင့်လင်းလင်း ဝန်ခံပေးဖို့ ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်״ ဟု ခွန်းလွီးဇီငြိမ်းက ပြောသည်။

ကယားမျိုးဆက်သစ်လူငယ်အဖွဲ့အနေဖြင့် ခွန်းနိုင်လင်းထွန်းအပေါ် ရိုက်နှက်ကျူးလွန်ထားသော ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးအား အပြစ်ပေးအရေးယူရန် တောင်းဆိုထားသည်ကို အမြန်ဆုံး အကောင်ထည်ဖော်၊ မဖော် ကိုအမြဲအနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ခွန်းအသန်းကဆက်ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ် အထွေထွေအတွင်းရေးမှူး ခွန်းအသန်းက ̏ ဒီပေါ်မှာအပြစ်ပေး အရေးယူမှုတွေ မရှိဘူးဆိုရင်တော့ ကျနော်တို့ တောင်းဆိုမှုတွေလုပ်ရပါလိမ့်မယ်״ ဟုပြောသည်။

ယခုလို ခွနး် နိုင်လင်းထွန်းရိုက်နက်ခံရသည့် ကိစ္စအား အစိုးရဖက်မှ ထိရောက်စွာဆောင်ရွက်ပေးရန် တောင်းဆိုသည့် သဘောထား ကြေငြာချက် တစ်စောင်ကို သြဂုတ်လ ၂၃ ရက် ၊ရက်စွဲဖြင့် ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

puon-long