အစိုးရကျောင်းများတွင် တရားဝင် သင်ကြားနေပြီးဖြစ်သော ကယန်းစာပေကို သင်ကြားပေးသည့် ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ကြေးငွေလိုအပ်နေကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ မှ အတွင်းရေးမှူး ဦးနန်းရီက ပြောသည်။
“ကျွန်တော်တို့ သင်ကြားနေပါပြီ ၂၀၁၃-၂၀၁၄ ကတည်းကပေါ့ ဒါပေမယ့် အစိုးရက သင်ပေးတဲ့ ဆရာတယောက် ကို ထောက်ပံ့ကြေး ၃၀၀၀၀ ပေးမယ်ပေါ့။ ခုချိန်ထိမပေးသေးဘူး။ အဲ့တော့သင်ကြားဖို့ ဆရာ⁄ဆရာမတွေ အတွက် ထောက်ပ့ံကြေး လိုအပ်နေပါတယ်״ ဟုပြောသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ အစိုးရကျောင်းများတွင် တိုင်းရင်းသား စာပေများကို တရာဝင်သင်ကြားခွင့် ပြုခဲ့ပြီး ကယားပြည်နယ်တွင် ကယား၊ ကယော၊ ကယန်း စာပေတို့ တရားဝင်သင်ကြားခွင့် ရရှိခဲ့သည်။
သို့သော်လည်း ယနေ့အထိ အစိုးရကျောင်းများတွင် ကယန်းစာပေတမျိုးတည်းကိုသာ လက်တွေ့ သင်ကြားနိုင်သေးကြောင်း သိရသည်။
၎င်းက “သူတို့က ကယား နဲ့ ကယော က အဆင်သင့် မပြီးသေးလို့မပေးသေးတာ လို့ပြောတယ် ဒါပေမယ့် ကယန်းစာပေက ပြီးနေပြီ အရင်သင်နေပြီ တိုင်းရင်းသားစာပေ သင်ကြားတဲ့ ဆရာတွေကို ထောက်ပံ့ကြေးပါ ပေးသွား မယ်လို့ပြောထားပြီးသားလေ အရင်ပြီးတဲ့ သူကို အရင်ပေးလိုက်ရင်လည်း အဆင်ပြေလာမှာပေါ့ အဲ့ဒါ ရအောင်တော့ ထပ်တောင်းဆို သွားမယ်״ ဟုပြောသည်။
တရားဝင်သင်ကြားခွင့်ရလာသော တိုင်းရင်းသားစာပေများအား ကျောင်းစာသင်ချိန် မဟုတ်သည့် ကျောင်းမတတ်မီ ၈ နာရီမှစ၍ လည်ကောင်း၊ ကျောင်းဆင်းချိန်တွင်လည်ကောင်း သင်ကြားပေးနေကြောင်း ဦးနန်းရီက ဆက်ပြောသည်။
ကယန်း လူမျိုးတစ်ဦးဖြစ်သည့် မူအက်စတာက “ကျမတို့တုန်းက နွေရာသီသင်တန်းတွေမှာပဲ ဘာသာရပ် တစ်ခုအဖြစ် သင်ခဲ့ရတာပေါ့၊ အခုအစိုးရကျောင်းတွေမှာ သင်ခွင့်ရလာတော့ ကျမတို့စာပေအတွက်ကော လူမျိုးအတွက် ပိုကောင်းလာတာပေါ့ နောက်ဆို ကယန်စားပေက နိုင်ငံတကာလည်း ရောက်သွားနိုင်တယ်လေ״ ဟုပြောသည်။
ကယန်းစာပေကို ပြီးခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ စေတနာ့ဝန်ထမ်း ဆရာ∕ဆရာမ များဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် စတင် သင်ကြားပေးခဲ့ပြီး ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် ကျောင်းပေါင်း ၂၀၀ ခန့်၊ လွိုင်ကော်မြို့တွင် ၃၄ ကျောင်း၊ ဒီးမော့ဆိုမြို့တွင် ၆၁ ကျောင်း၊ သံတောင် မြို့တွင် ၃၀ ကျောင်းခန့်နှင့် မန္တလေးတိုင်း ဒေသကြီးအနောက်ပိုင်း ပျဉ်းမနားမြို့တွင် ၁၅ ကျောင်းခန့် သင်ကြားပေးနေပြီဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးပေါလုချမ်း၏ ပြောပြချက်အရ သိရသည်။