ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စုရှိ ဒေါတဟေးရွာတွင် ယခုနှစ်အတွင်း တရွာလုံး၏ ပြောင်းခင်းများကို ကြွက်များက ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ကန္တရဝတီတိုင်းသို့ ပြောသည်။
“တစ်အိမ်ကို အနည်းဆုံး တစ်ဧကခွဲ နှစ်ဧကလောက်ပျက်တယ်။ အိမ်တိုင်းပျက်တယ်” ဟု ဒေါတဟေးရွာ ဥက္ကဌ ဦးဖားရယ်ကပြောသည်။
ယခင်နှစ်က ကြွက်ဖျက်ဆီးမှု ရှိခဲ့ဖူးသော်လည်း ယခုနှစ်တွင် ပြန်လည်အစားထိုး စိုက်မရနိုင်သည့်အထိ ဖျက်ဆီးခံရကြောင်း သိရသည်။
“ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှာ ပြန်စိုက်တယ်။ ဒါပေမဲ့ ဘာမှမထူးဘူးလေ။ သုံးခါလောက်တော့ ပြန်စိုက်တယ်။ ပြီးတော့ ပြန်ဖျက်တယ်။ ကျွန်ေတော်တို့လည်း မတတ်နိုင်တော့ဘူးလေ” ဟုပြောသည်။
ယခုနှစ်တွင် ကြွက်များက ပြောင်းပင်ပေါက်များ စထွက်ချိန်မှစ၍ စတင်ဖျက်ဆီးခဲ့ပြီး ယခုသီးစထွက်ချိန်ထိ ဖျက်ဆီးနေခဲ့ကြောင်း သိရသည်။
“ကျွန်တော်ခြံက ဒီထက်ပိုပျက်တယ်။ ၂ဧကခွဲလောက် ပျက်တယ်။ တောင်စောင်းမှာဆိုတာ့ ပိုဆိုးတယ်လေ။ နောက်နှစ်တော့ ပြန်ကြိုးစားကြည့်မယ်။ အောင်မအောင်တော့ အသိဘူးပေါ့“ ဟု ဒေါတဟေးရွာမှ ဦးမဲရယ်က ဆိုသည်။
အဆိုပါ ကြွက်များကို ဆေးဝါးအသုံးပြု၍ နိမ်းနှင်းခဲ့သော်လည်း မထိရောက်ကြောင်း ဒေသခံများကဆိုသည်။ ဒေါတဟေးတရွာလုံး နီးပါး ပြောင်းကို အဓိကထားစိုက်ပျိုးကြပြီး တစ်အိမ်ထောင်လျှင်အနည်းဆုံး ပြောင်း ၃ဧက နီးပါး စိုက်ပျိုးထားကြကြောင်းလည်း ဆိုသည်။
“ကျွန်တော်တို့က ကလေးတွေကိုလည်း လိမ်မာစေချင်တယ်။ ပညာတတ်စေချင်တယ ်ဆိုတော့ မြို့ပေါ် ကျောင်းကို ထားချင်ကြ တယ်လေ။ ဒါပေမဲ့အခုက ဒီလိုမျိုးကြွက်တွေက ကျွန်တော်တို့ရဲ့ အဓိက စီးပွားရေး ဖြစ်တဲ့ ပြောင်းကို ဖျက်လိုက်တော့ ကျတော်တို့ သား/သမီးတွေ ကျောင်းတက်ဖို့သာမက စား၊ ဝတ်၊ နေရေးအတွက်လည်း တော်တော်လေး ခက်ခဲလာပါတယ်” ဟု ဆက်ပြောသည်။
ဒေါတဟေးရွာသည် ကယားပြယ်နယ် မြောက်ပိုင်း ရှမ်းပြည်နယ် နယ်စပ်တွင်တည်ရှိပြီး အိမ်ခြေ တရာကျော် ရှိကြောင်းသိရသည်။