ပြီးခဲ့သော သြဂုတ်လ (၂) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေးကျေးရွာမှ တောင်သူများ နားနေရာဖြစ်သော တောင်ယာတဲ တစ်လုံး ဖျက်ဆီးခံခဲ့ရကြောင်း တောင်သူများ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်(၃)ရက်နေ့တွင် ဒေါဆိုရှေး ကျေးရွာ တောင်သူအချို့က တောထဲသို့ ၀ါးမျစ််ချိုးရန် သွားစဉ် ထိုတဲပျက်စီးနေတာကို တွေ့မြင်ခဲ့ရပြီး ယာတဲမှ ပျဉ်ပြားများကို အမှတ်(၃၆၀) အမြောက်တပ်မှ စစ်သားဝတ်စုံ ၀တ်ဆင်ထားသော စစ်သားနှစ်ဦးက ထမ်းယူသွားကြောင်း တောင်သူများထံမှသိရသည်။
“တဲကတော့ ရစရာမရှိတော့ပါဘူး။ အမိုးရောအကာရော။ ပြီးပေါက်ပြားသုံးလက်ရယ်၊ တကောက်တလက်ရယ်၊ ထမင်းအိုးတစ်လုံးရယ်၊ ဆန်(၁၀)ဗူးရယ် မရှိတော့ဘူး။ ရေဗူးတစ်လုံး နှစ်လုံးအဲလောက်ပဲကျန်တော့တယ်။ အိပ်ယာခင်း ပျဉ်ပြားရယ်။ မိုးကာမိုးကာလည်းပါတယ်။ဘာမှမရှိတော့ တာ။ အောက်ခင်းအရိုးလောက်ပဲကျန် တော့တယ်” ဟုဆိုပါသည်။
အဆိုပါ ယာတဲမှာ တပ်နှင့် ကိုက် (၁၀၀၀) ၀န်းကျင်ဝေးလျက်ရှိပြီး တောင်သူများကတောင်ယာသို့ သွားရာမှာ နားနေရာအဖြစ်လည်းကောင်း၊ တောင်ယာခင်းနှင့်ရွာသို့ သွားလာရန် အလှမ်းဝေးလှသဖြင့် ၎င်းတဲကို ညအိပ်ရာတွင်လည်းကောင်း အသုံးပြုလျက်ရှိကြောင်း သိရသည်။
၎င်းယာတဲကို ဖျက်ဆီးခံရရုံသာမက တဲအနီးဝန်းကျင်ရှိ စိုက်ပျိုးထားသော အပင်ငယ် အချို့လည်း ပျက်စီးနေ ကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့က မိမိတို့ တောင်ယာ၌ လုပ်ကိုင်နေသော ဒေါဆိုရှေးတောင်သူ ၈ဦးနှင့် စက်မှုလယ်ယာမှ စက်မောင်းသူ ၃ ဦးကို စစ်တပ်မှ ခေါ်ယူစစ်ဆေး၊ သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်စဉ်များ ဖြစ်ပွာလာခြင်းဖြစ်သည်။
ယခု အမှတ် ၃၆၀ အမြောက်တပ် တည်ရှိရာနေရာသည် ယခင်ကဒေါဆိုရှေး ရွာဟောင်းနေရာဖြစ်ပြီး ဖြတ်လေးဖြတ်ခေတ် ၁၉၈၉ ခုနှစ်တွင် စံပြ ၆ မိုင်ကျေးရွာအုပ်စုဖက်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ယခုချိန်ထိ လက်ရှိတောင်ယာများကိုသာ ဆက်လက်လုပ်ကိုင်လာခဲ့ကြသည်ဟု သိရသည်။
ပြီးခဲ့သော ဇူလိုင် (၂၄) ရက် နေ့ မှစ၍ ၄င်းအမြောက်တပ်မှ ဒုတပ်ရင်းမှူး က တောင်ယာခင်းသို့ရောက် လာပြီး တောင်ယာဆက်မလုပ်ရန် တောင်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တောင်သူများထံမှသိရသည်။