ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်ကာ (၈) ကြိမ်မြောက် ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု လူမှုအဖွဲ့အစည်း (CIVIL SOCIETY FORUM for PEACE) ညီလာခံတရပ်ကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နှစ်ရက်တာ ကျင်းပပြုလုပ်သွားခဲ့သည်။
ညီလာခံကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့နှင့် သြဂုတ်လ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တနိုင်ငံလုံးရှိ တိုင်းရင်းသားပေါင်းစုံ လူထုအခြေပြု အဖွဲ့အစည်းမှ ခေါင်းဆောင် ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြသည်။
ညီလာခံကိုယ်စားလှယ်များသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေသော ငြိမ်းချမ်းရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ငြိမ်းဖောင်ဒေးရှင်းမှ ဦးမရန်ဂျော်ဂွန်းက “ကျနော် လက်ရှိဆက်စပ် ညှိနှိုင်းတဲ့ စားပွဲဝိုင်းပေါ်မှာ ကောင်းမွန်တဲ့ ရလဒ်အဖြေ ထွက်လာဖို့က အရေးကြီးတယ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို ရောက်ဖို့ ပထမဦးဆုံး ဆက်စပ်ဆွေးနွေးတဲ့ အချိန်မှာ တိုင်းရင်သားလက်နက်ကိုင်နဲ့ အစိုးရတွေ ထိတွေ့ဆက်ဆံမှ ပိုထိရောက်မှုရှိမယ်။ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတွေ့တာထက်ပေါ့ ပိုပြီးထိရောက်မှု ရှိမယ်လို့ ထင်မြင်မိပါတယ်” ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်ကာလတွင် ကယားပြည်နယ်တွင်းရှိ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေး တပ်ကိစ္စသည် လူထုများအတွက် အကျိုးမရှိဘဲ ဆိုးကျိုးများကိုသာ ကြံုတွေ့နေကြရကြောင်းကို ကယားပြည်နယ်မှ ဆရာမ နော်မေထူးက ပြောသည်။
“ရွာလမ်းမပေါ် စစ်ရေးလေ့ကျင့်မှုလုပ်တာဟာ ပြည်သူတွေကို စစ်အင်အားပြဿပေးနေတဲ့ သဘော သက်ရောက်နေပါတယ်။ အဲဒီလိုတွေကြောင့် လူထုတွေ ကြောက်လန့်နေကြရတာပါ” ဟု ပြောသည်။
ဧရာဝတီတိုင်းမှ ပန်းတနော်မြို့နယ်မှ ဦးမန်းဝင်းမောင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ထူးထူးခြားခြားပြောင်းလဲ ခြင်းမရှိကြောင်း သို့သော် စစ်မှန်သော ငြိမ်းချမ်းရေးရရှိနိုင်ရန် ငြိမ်းချမ်းရေး အကြိုထောက်ခံပွဲများ ပြုလုပ်ခြင်းရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ပြောင်းလဲမှုကတော့ အများကြီးတော့ မရှိသေးပါဘူး၊ ဒါပေမယ့် အကောင်းဘက်ကိုတော့ ရှေးရှု့နေပါပြီ။ ကျနော်တို့ အနေနဲ့ အားရကျေနပ်လောက်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးကို စောနိုင်သလောက်စောအောင် မြန်နိုင်သလောက်မြန်အောင် လုပ်ပေးနိုင်ရင် ပြည်သူလူထုတွေလဲ မြန်မြန်လေး တိုးတက်နိုင်မယ်။ မြန်မြန်စိတ်ချမ်းသာရတာပေါ့” ဟု ပြောသည်။
ချင်းပြည်နယ်မှ ပြည်နယ် ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်နေသည့် လူငယ်အဖွဲ့မှ ကိုယ်စားလှယ်တဦးက ချင်းပြည်နယ်ဘက်တွင်မှု လက်နက်ကိုင်အဖွဲ့များက ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီး ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ စားဝတ်နေရေး၊ လုံခြံုရေး အဘက်ဘက်အဆင်မပြေ မှုများဖြစ်လာခဲ့ကြရသည်ဟု ပြောဆိုသွားသည်။
ညီလာခံတွင် GDI မှ ကိုယ်စားလှယ် Ms.Nora က ကချင်ပြည်နယ်တွင်းတွင် စစ်ကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်မှုများ ခံနေကြရကြောင်း ပြောသွားသည်။
“ကျူးလွန်တဲ့ သူတွေကတော့ အမျိုးသားများ၊ အစိုးရစစ်တပ်မှ အများစုဖြစ်ပြီး ကျူးလွန်ခံရသူတွေမှာ အများအားဖြင့် မိန်းကလေးများနှင့် ကလေးငယ်များဖြစ်တယ်။ ဒီလိုအကြမ်းဖက် ခံရတဲ့သူတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြန်ပြီးကိုင်တွယ်ပါသလဲ၊ အများဆုံး ဘယ်လိုတုံ့ပြန်ကြသလဲ” ဟုပြောသည်။
၎င်းညီလာခံတွင် ပြည်နယ်နှင့် တိုင်းဒေသ၊ တိုင်းဒေသကြီးမှ လူမှုအဖွဲ့အစည်းများဖြစ်သည့် ဘာသာရေးအဖွဲ့အစည်း၊ Gender အဖွဲ့၊ ငြိမ်းချမ်းရေးကိစ္စတွင် ပံ့ပိုးကူညီသူများ၊ လူမှုဖွံ့ဖြိုးရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့အစည်းများ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ ကလေးချစ်သူများကွန်ယက်၊ သတင်းသမားများ၊ တရားမျှတမှုကို ရှာဖွေနေသော CBOs အဖွဲ့အစည်းများ အစရှိသည့် မြန်မာနိုင်ငံမှ အဖွဲ့အစည်းပေါင်း ရ၀ ကျော် လူဦးရေ ၁၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။