ပြည်တွင်းနိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိသေးသည့်အတွက် ထိုင်းနိုင်ငံမှ ဒုက္ခသည်များကို ပြည်တွင်း ပြန်လည်နေထိုင်ရေးကိစ္စ အစိုးရနှင့်ဆွေးနွေး သဘောတူထားခြင်းမရှိသေးကြောင်းကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP လွိုင်ကော်ပင်မ ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ခူးပလုရယ်က ပြောသည်။
“ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးထားခဲ့တာ မရှိသေးဘူး။ အရင်ဆုံး အိုင်ဒီပီ အတွက် နေရာချထားမှုတွေ ပြုလုပ်မယ်။ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှသာ ဒုက္ခသည်ကိစ္စကို စဉ်းစားသွား မယ်လို့သာ သဘောထား ချမှတ်ခဲ့ကြတယ်” ဟု သူက ပြောသည်။
ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်တွင်းရှိ ကရင်နီဒုက္ခသည်စခန်း နှစ်ခုအား ထိုင်းစစ်တပ်မှ လူဦးရေစာရင်း ၀င်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးထားလျက်ရှိပြီး တစ်ချိန်ထဲမှာပင် ဒုက္ခသည်များကို ပြန်ပို့နိုင်သည်ဆိုသည့် ကောလဟလ သတင်းများ ထွက်ပေါ်နေသည့် အတောအတွင်း ယခုကဲ့သို့ ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒုက္ခသည်လူဦးရေစာရင်းများကို ထိုင်းအာဏာပိုင်များထံ တင်ပြရမှာဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ နောက်ပိုင်း ထိုင်းစစ်တပ်မှ စခန်းတွင်းသို့ ၀င်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မီတီ ဥက္ကဌ မော်မိုးဘူးက ပြောသည်။
ထိုင်းနေ့စဉ်သတင်းစာထုတ် ဘန်ကောက်ပို့(စ်)မှ ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ စခန်း ၉ ခုမှ ဒုက္ခသည်များ ကို ပြန်ပို့နိုင်ရန်ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိများနှင့် မြန်မာစစ်ဘက်ဆိုင်ရာအရာရှိများ လာမည့်သြဂုတ်လ ပထမပတ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဇူလိူင်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ဇူလိုင်လပထမပတ်အတွင်းကမူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တတိယအကြိမ် မြောက်ထိုင်းနိုင်ငံခရီးစဉ်တွင် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီNCPO အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံခဲ့ပြီး စခန်း၉ ခုမှ မြန်မာတိုင်းရင်းသားဒုက္ခသည် (၁၃၀၀၀၀) အား ပြန်ပို့ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် အကူညီပေးရေးအဖွဲ့ TBC ၏ မေလ ၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၁နှင့် စခန်း ၂ နှစ်ခု စုစုပေါင်းလူဦးရေ ၁၄၆၉၉ ဦးရှိပြီး ကုလသမ္မဂ၏ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင် ရရှိထားသူ စာရင်း စုစုပေါင်းမှာ ၁၀၆၇၅ ဦးဖြစ်သည်။
လက်ရှိ ကယား(ကရင်နီ)ပြည်နယ်တွင်း ပွန်ချောင်းနှင့် သံလွင် အရှေ့ဖက်အခြမ်းတွင် အစိုးရနှင့် KNPP ပူးပေါင်းဆောင်ရွက်မည့် စံပြကျေးရွာစီမံကိန်းသည်လည်း ထိုင်းနိုင်ငံက ကရင်နီဒုက္ခသည်များ ပြန်လှည် အခြေချနေရန်အတွက် မဟုတ်ပဲ ပြည်တွင်းမှ IDPs (ရွာပုန်းရွာရှောင်များ) များအတွက်သာ ဖြစ်သည်ဟု ခူးပလုရယ်က ပြောသည်။